မင်္ဂလာတောင်ညွန့်၌ အငြိမ်းစားကျောင်းဆရာမနှင့် ၎င်း၏ ခင်ပွန်းတို့အား နေအိမ်၌ ဓါးတန်းလန်းဖြင့် သေဆုံးလျက် တွေ့ရှိ

Author မေ
Categories
Published on Oct 31, 2022

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အောက် တိုဘာ ၃၀ရက်က အငြိမ်းစားကျောင်းဆရာမနှင့် ၎င်း၏ခင်ပွန်းတို့အား နေအိမ်၌ ဓါးတန်းလန်းဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ မန္တလေးလမ်းရှိ နေအိမ်တစ်အိမ်မှ အနံ့ဆိုးများ ထွက်နေသဖြင့် အနီးအနား၌ နေထိုင်သူများက သက်ဆိုင်ရာသို့ အကြောင်းကြားကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ ရှာဖွေရာမှ နေအိမ်အတွင်း ဓါးတန်းလန်းဖြင့် သေဆုံးနေသော အငြိမ်းစားကျောင်းဆရာမနှင့် ၎င်း၏ ခင်ပွန်းတို့အား သေဆုံးလျက် တွေ့ရကြောင်း သိရသည်။

” အငြိမ်းစားဆရာမကြီးနဲ့ သူ့ခင်ပွန်းကို သတ်ပြီး ငွေအချို့ရော၊ ပစ္စည်းအချို့ရော ယူဆောင်သွားတာပါ။ အသတ်ခံထားရတာတော့ ရက်ပိုင်းလောက်ရှိနိုင်တယ်။ အခုက အနံ့တွေတောင် တော်တော်ထွက်နေမှ သိရတာ။ ဒီနားက လူပြတ်တာတွေ ၊ ဘာတွေမရှိတာတောင် လက်ရဲဇက်ရဲ သတ်ဖြတ်သွားတာ။ ဆရာမကြီးလင်မယားက အေးအေးဆေးဆေး နေကြသူတွေပါ။ “ဟု အလောင်းအား ကူညီသယ်ဆောင်ပေးခဲ့သူ တစ်ဦးက ပြောသည်။

ယခုဖြစ်ရပ်မှာ ရက်စက်စွာ လူသတ်၍ ပစ္စည်းလုယက်သွားခြင်းဖြစ်သည့်အတွက် ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖော်ထုတ်ပေးရန်လည်း ရပ်ကွက် အတွင်း နေထိုင်သူများက တောင်းဆိုကြသည်။

ရန်ကုန်မြို့၌ နေ့စဉ်ဖြစ်ပွားနေသည့် ခိုးဆိုးလုယက်မှု ဖြစ်စဉ်များစွာ အပြင် လူသတ်၍ ပစ္စည်းလုယက်မှု၊ အသက်အန္တရာယ်ဖြစ်စေနိုင်သည် အထိ လုယက်ခံရမှုများ များစွာဖြစ်ပေါ်နေကာ ဖြစ်စဉ်အများစု၌ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိခြင်း မရှိပေ။

ပြီးခဲ့သည့် ဇွန်လ ၁၁ရက်ကလည်း မရမ်းကုန်းမြို့နယ်၌ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သော အငြိမ်စား မြန်မာစာကထိက ဆရာမကြီးအား နေအိမ်အိပ်ခန်းအတွင်း ဖုန်းအားသွင်းကြိုး ပတ်လျက် ဖြင့် ထိုးသွင်းဒဏ်ရာ ၁၃ချက်၊ ဖူးယောင်ဒဏ်ရာများစွာဖြင့် သတ်ဖြတ်ခဲ့ကာ ငွေနှင့် ပစ္စည်းအချို့အား ယူဆောင်သွားမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်၌ လုယက်သူများအား ယခုအထိ ဖမ်းဆီးရမိမှု မရှိသေးပေ။