မင်းအောင်လှိုင် ထား၀ယ် ခရီးစဉ်အတွင်း စစ်ကောင်စီ တပ်သား ၆၀ဦး ထက်မနည်းေ-သဆုံးခဲ့

Author လင်းခိုင်
Categories
Published on Nov 14, 2022

 

မင်းအောင်လှိုင် ထား၀ယ် ခရီးစဉ်တွင် စစ်ကောင်စီ တပ်သား ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force-DGRF က နို၀င်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၂ ရက်တွင် မင်းအောင်လှိုင်ခရီးစဉ်အတွက် ကာကင်းယူရန် ရောက်ရှိလာသည့် စစ်ကောင်စီအင်အား ၅၀ပါ စစ်ကားတစ်စီးကို တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေဖြူ-နဘုလယ် ရေနက်ဆိပ်ကမ်းလမ်းမကြီး၊ ၀က်ချောင်းကျေးရွာရှိ အ၀င်၀တွင် အင်အားပြင်း မိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၅ ဦးသေဆုံးမှုရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နို၀င်ဘာ ၂ ရက် ည ၁၀ နာရီ၀န်းကျင်တွင် အထက်ဖော်ပြပါ နေရာသို့ ထပ်မံ၀င်ရောက်လာသည့် စစ်ကား ၆စီးပါ ယာဉ်တန်းကို မိုင်း ၂လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး၊ ကားရပ်ချိန်၌ လက်နက်ကြီးများဖြင့် ဝိုင်းရံတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ကျဆုံးခဲ့ကြောင်း၊ စစ်ကားတစ်စီးသည် ကြွေမွပျက်စီးခဲ့သည်။

ယင်းအပြင် နို၀င်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် လောင်းလုံမြို့နယ်၊ ထိန်တွင်းကျေးရွာ ကမ်းနားဆိပ်တွင် မင်းအောင်လှိုင် ခရီးစဉ်အတွက် လုံခြုံရေးယူရန် ရောက်ရှိလာသည့် စစ်သား ၁၆ ဦးပါရှိသည့် ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ရာ ၅ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဆက်လက်ပြီး နို၀င်ဘာ ၅ ရက် ညနေ ၄နာရီတွင် ရေဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်းမှ မင်းအောင်လှိုင် လုံခြုံရေးယူပြီးပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ကို အင်အားပြင်း မိုင်း ၄လုံးဖြင့် ၂ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြေလျင်တပ်သား ၄၀ထက်မနည်း ကျဆုံးနိုင်ကြောင်း၊ အထိနာသည့် စစ်တပ်သည် လက်နက်ကြီးများဖြင့် အချက် ရေ ၁၀၀နီးပါး ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်ခဲ့မှုများကို လောင်းလုံ ပ က ဖ နှင့် ထား၀ယ် ပ က ဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်ထား၀ယ်ခရီးစဉ်တွင် ယင်းလုံခြုံရေးအတွက် အသက်စတေးခဲ့ရသည့် စစ်ကောင်စီတပ်သား အရေအတွက် ၆၀ ထက်မနည်းရှိခဲ့ကြောင်း၊ စစ်ဆင်ရေးပြုလုပ်ခဲ့သည့် ရဲဘော်များ၏ လုံခြုံရေးနှင့် စစ်ရေးလျို့ဝှက်ရန် လိုအပ်သည့်အတွက် သတင်းထုတ်ပြန်မှု နှောင့်နှေးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လူမှုကွန်ရက်

ပုံစာညွှန်း- မင်းအောင်လှိုင် ထားဝယ်ခရီးစဉ်အတွင်း တွေ့ဆုံပွဲတစ်ခု မှတ်တမ်းပုံ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #ထားဝယ်