မင်းအောင်လှိုင်၏ အနေကြာရေး ယတြာဖြင့် နေကြာစိုက်ပျိုးရန် ဧရာ၀တီတိုင်းတွင် လယ်သမားများအား ဖိအားပေးနေ

Author လင်းခိုင်
Categories
Published on Nov 19, 2022

မင်းအောင်လှိုင်၏ အနေကြားရေး ယတြာဖြင့် နေကြာစိုက်ပျိုးရန် ဆန်စပါး အဓိကစိုက်ပျိုးသည့် ဧရာ၀တီတိုင်းရှိ လယ်သမားများအား ဖိအားပေးနေကြောင်း သိရသည်။

“မင်းအောင်လှိုင်ရဲ့ အနေကြားရေး “နေကြာ” စိုက်ပါ ဆိုတဲ့ ယတြာကို ဧရာ၀တီတိုင်းမှာလုပ်တယ်။ လယ်သမားတွေကို နေကြာမျိုးတွေ၀ယ်ခိုင်းတယ်။ အတင်းစိုက်ခိုင်းပြီး အထွက်နှုန်းများဖို့ဆိုတဲ့ မဖြစ်နိုင်တာတွေအထိ လယ်သမားတွေကို ဖိအားပေး လုပ်ဆောင်နေတယ်” ဟု ဧရာ၀တီ လူငယ်များ သမဂ္ဂ ဒုတိယဌက္ကဌက CJ Platform သို့ပြောသည်။

ဧရာ၀တီတိုင်းဒေသသည် မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်ပြီး ဆန်စပါးကိုသာ အဓိက စိုက်ပျိုးပြီး၊ အခြားဆီထွက် သီးနှံအနည်းငယ်ကို စိုက်ပျိုးသော်လည်း နေကြာစိုက်ပျိုးမှု မရှိသလောက် နည်းပါးသည်။

“ နေကြာစိုက်ရမယ်ဆိုပြီး စစ်ကောင်စီက မျိုးတွေ၀ယ်ခိုင်းတယ်။ ဒီမှာက စျေးကွက်လဲမရှိ။ ပြီးတော့ အခုဆို စိုက်ပျိုးစရိတ် ချေးငွေကိုလဲ အရင်ကထက် သုံးဆလောက်ပိုများတဲ့ အတိုးနှုန်းနဲ့ ချေးရတယ်။ အဲ့ဒါစိုက်လို့ အရှုံးရင် အတိုးပေါ်အတိုးဆင့်နဲ့ ကျွန်တော်တို့ လယ်သမားတွေပဲ ဆုံးရှုံးမှာ၊ အခု အာဏာပြပြီး အတင်းစိုက်ခိုင်းနေတယ်” ဟု ဧရာ၀တီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ လယ်သမားတစ်ဦးက CJ Platform သို့ပြောကြားသည်။

ဧရာ၀တီတိုင်းဒေသကြီးတွင် မိုးစပါးဧက ၃ဒသမ၇ သန်းကျော်ရှိပြီး၊ နွေစပါး ဧက ၁ဒသမ၃သန်းကျော်ရှိကာ တစ်နိုင်ငံလုံး၏ စပါးထုတ်လုပ်မှု ၂၈ ရာခိုင်နှုန်းသည်ထိရှိကာ မိုးစပါးစိုက်ပျိုးပြီးနောက် နွေစပါး သို့မဟုတ် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ဖရဲနှင့် ပဲအမျိုးမျိုးကို စိုက်ပျိုးကြသည်။

ဧရာ၀တီတိုင်းအတွင်းရှိ စိုက်ပျိုးမြေ ၇၅ ရာခိုင်နှုန်းသည် စပါးကို စိုက်ပျိုးကာ၊ ၁၇ ရာခိုင်နှုန်းသည် မတ်ပဲ၊ ၃ ရာခိုင်နှုန်းသည် ပဲဒီစိမ်း၊ ၂ရာခိုင်နှုန်းသည် ဗိုလ်ကိတ်ပဲ၊ ၂ ရာခိုင်နှုန်းသည် မြေပဲ၊ တစ်ရာခိုင်နှုန်းသည် ပီလေပီနံနှင့် နှမ်း၊ ပြောင်း၊ ပဲကြီး၊ စွန်တာနီ၊ ပဲယဉ်း တို့ကို အနည်းငယ်စိုက်ပျိုးကြောင်းသိရသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းအတွင်းရှိ လယ်သမားများအနေဖြင့် စပါးစျေးနှိမ်၀ယ်ယူခြင်းကိုလည်း ခံနေရပြီး တင်းတစ်ရာလျှင် ကာလပေါက်စျေးအနည်းဆုံး ၁၀ သိန်းခန့်ရှိသည့် စပါးများကိုလည်း အရံဆန်အတွက်ဟုဆိုကာ ၅သိန်းစျေးဖြင့် ၀ယ်ယူနေသည့်အတွက် လယ်သမားများအရှုံးပေါ်လျက်ရှိသည်။

ထိုကဲ့သို့ စစ်ကောင်စီက သတ်မှတ်ထားသည့် စျေးနှုန်းဖြင့် ရောင်းချခြင်းမရှိသည့် လယ်သမားများကိုလည်း အလှူငွေဟုဆိုကာ ၄သိန်းမှ ၅ သိန်းအထိ ထည့်၀င်ခိုင်းကြောင်းလည်း သိရသည်။

ဧရာ၀တီတိုင်းအတွင်းရှိ လယ်သမားများကို ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ဆန်စက်ပိုင်ရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပူးပေါင်းပြီး ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း ဧရာ၀တီ လူငယ်များ သမဂ္ဂ ဒုတိယဌက္ကဌက CJ Platform သို့ပြောသည်။

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #နေကြာ #လယ်သမား #စိုက်ပျိုးစရိတ်ချေးငွေ #ယတြာ