မင်းအောင်လှိုင်၏ နေကြာပန်းယတြာအတွက် သူခိုးကြီးညကျော်လွန်ချိန်အထိ ဝန်ထမ်းအချို့စောင့်ဆိုင်းကာ နေကြာပင်များစိုက်ပျိုးခဲ့ရ

Author ကိုပေါက်
Categories
Published on Nov 09, 2022

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်အစောပိုင်း (နိုဝင်ဘာလ ၈ရက်နေ့ ညနက်သန်းခေါင်ကျော်)တွင် ဝန်ကြီးဌာနများအားလုံးကို အနေကြာစေရန် နေကြာပန်းများစိုက်ခိုင်း၍ ယတြာချေရန် ညွှန်ကြားခဲ့သည်ဟု CJ Platform ၏ ခိုင်မာသည့် သတင်းအရင်းမြစ်များထံမှ သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ စိုက်ခင်းများတွင် ယခင်စိုက်ပျိုးထားသည့် သီးနှံများနေရာတွင် နေကြာပန်းများကို ပြီးခဲ့သည့်လတွေက ယတြာချေသည့် သဘောမျိုးဖြင့် စတင်စိုက်ပျိုးခဲ့တာဖြစ်သည်ဟု ပြည်ထဲရေးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“နေကြာဆိုတော့ အနေကြာအောင်လို့လေ နေကြာဆီထုတ်ဖို့ထင်နေတာ မဟုတ်ဘူး ယတြာချေတာ ထွေအုပ်ကိုလည်း ညွှန်ကြားတယ်”ဟု ပြောသည်။

ဝန်ကြီးဌာန လေးဆယ်ကျော်ရှိသည့်အနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးစီး၍ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ တောင်သူများကို မျိုးစေ့များပေး၍ စိုက်ပျိုးခိုင်းရာ စိုက်မည့်သူမရှိ၍ ဝန်ထမ်းများပါစိုက်ပျိုးနေရသည်ဟု ထွေအုပ်ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“ပြည်ထဲရေးနဲ့ လည်ဆယ်နဲ့ ပေါင်းပြီးလုပ်တာ တောင်သူတွေက သိပ်မစိုက်တော့ ယတြာမအောင်မြင်ဘူး ဖြစ်နေတာ ဒီနေ့က တစ်နိူင်ငံလုံး နေအိမ်တွေမှာရော စိုက်ခင်းတွေမှာပါ စိုက်ရမှာ”ဟု ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က အနေကြာစေရန် နေကြာပန်းစိုက်ရာတွင် အခါတော်ပေးဗေဒင်ဆရာမှ သတ်မှတ်ထားသည့် နံနက် ၂ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီ ၄၀ မိနစ် အထိ စိုက်ပျိုးရမည်ဖြစ်၍ ဝန်ထမ်းများမှ သူခိုးကြီးညတွင်မအိပ်ဘဲ စောင့်၍ စိုက်ပျိုးရသည်ဟု ဆည်မြောင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“မနေ့ကတည်းက အိမ်က မိန်းမက နေကြာပျိုးပင်လေးယူလာပြီး စိုက်မယ်ဆိုတော့ ချက်ချင်းစိုက်လို့မရဘူး အဘရဲ့ အမိန့်စောင့်ရအုံးမယ်ဆိုလို့ ကျနော်က အဘဘိုးမင်းခေါင်လားလို့ ပြောလိုက်တာ စိတ်ဆိုးသွားတယ်”ဟု ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးသန်းရွှေ လက်ထက်ကလည်း ဗေဒင်ဆရာများယတြာချေခိုင်းသည့် ကြက်ဆူပင်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် စိုက်ပျိုးခဲ့ရသည့် ဖြစ်စဥ်လည်းရှိသည်။

ဓာတ်ပုံ- ပေးပို့

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform