မင်းအောင်လှိုင်လက်ထက် နံနံပင်တစ်ပင် တစ်ရာဖြစ်လာ

Author စကားဝါ
Categories
Published on Nov 11, 2022

မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်လာခဲ့ပြီးနောက် နံနံပင်တစ်ပင်လျှင် တစ်ရာကျပ်အထိ စျေးနှုန်းမြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်များထံမှ သိရသည်။

“တစ်စည်းတစ်ရာပြောတာ မဟုတ်ဘူး တစ်ပင်ကို တစ်ရာဖြစ်နေတာ၊ တစ်ပိဿာကို လေးသောင်းဖြစ်နေပြီ၊ မုန့်ဟင်းခါးဆိုင်သွားလို့ နံနံပင်များများ ထည့်ပေးပါပြောကြည့် ဆိုင်ရှင်က တုတ်လွှတ်မှာ”ဟု အလုံမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

နံနံပင်စျေးနှုန်းများမှာ တစ်စည်းလျှင် ၅ရာကျပ်မှ သုံးပင်လျှင် ၃၀၀ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီးနောက် စျေးများအတွင်း နံနံပင်ရောင်းချသူများပါ နည်းပါးသွားကြောင်း သိရသည်။

“အသုတ်လေးဘာလေး စားရင် ထည့်ရအောင် နံနံပင်လေး ဝယ်ချင်တာတောင် အနည်းဆုံး ငါးရာဖိုးမှ ရောင်းတော့တာ ဒါတောင်ပါရင် သုံးလေးပင်ပဲ ပိုမပါဘူး၊ အရင်လို တစ်ရာဖိုးဝယ်ရင် တို့စားလို့ပါရတာ၊ အခုများတော့ ခေါက်ဆွဲဆိုင်မှာတောင် နံနံပင်ဖိုး သက်သက်တောင်းနေပြီ”ဟု ကြည့်မြင်တိုင်မြို့နယ်နေ အိမ်ရှင်မတစ်ဦးကပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် မြန်မာ့စီးပွားရေး ပြန်လည်ဖွံဖြိုးတိုးတက်နေပြီဟု ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြနေသော်လည်း လက်တွေ့တွင် စီးပွားရေးတိုးတက်ခြင်း မဟုတ်ဘဲ ကုန်စျေးနှုန်းများသာ ဆက်တိုက်တိုးမြင့်လာကာ အခြေခံပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရလျှက်ရှိနေသည်။