မင်းအောင်လှိုင်လက်ထက် ဒန့်သလွန်သီးတစ်တောင့် ၅၀၀ကျပ်ထိ အဖိုးတန်လာ

Author အောင်နိူင်သူ
Categories
Published on Sep 29, 2022

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် မြန်မာငွေကျပ်တန်ဖိုး ကျဆင်းသွားပြီး အထွေထွေ ကုန်စျေးနှုန်းများ မြင့်တက်လာခဲ့ရာတွင် ဒန့်သလွန်သီး တစ်ထောင့်လျှင် မြန်မာငွေကျပ် ၅၀၀အထိ အဖိုးတန်မြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့နေ အိမ်ရှင်မများထံမှ သိရသည်။

စံချိန်တင်မြင့်တက်ခဲ့သည့် ကြက်သွန်နီစျေးနှုန်းများ အနည်းငယ်ကျဆင်းသွားခဲ့သော်လည်း အခြားသော အထွေထွေစျေးနှုန်းများမှာ မြင့်တက်နေလျက်သာ ရှိနေသေးပြီး ပုစွန်ဆိပ် တစ်ဆယ်သားလျှင် တစ်ထောင်ကျပ်ထိ အဖိုးတန်လာခဲ့သည်။

“နှလုံးမကောင်းတော့ ဒန့်သလွန်ပေါ်ချိန်ဆို ခဏခဏအိမ်မှာချက်စားဖြစ်တယ် ဒီနှစ် သိပ်မစားနိုင်တော့ဘူး တစ်ထောင့်ကို ၅၀၀ဖြစ်နေပြီ၊ အရင်က သုံးတောင့်မှ ၂၀၀လောက်ရှိတာ”ဟု အလုံမြို့နယ်နေ အိမ်ရှင်မတစ်ဦးက CJ Platform ကိုပြောသည်။

စစ်ကောင်စီတပ်၏ အညာဒေသကို စစ်ကြောင်းထိုး ဖျက်ဆီးနေမှုများကြောင့် အညာဒေသမှ သီးနှံများ ရန်ကုန်စျေးကွက်အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း မရှိခြင်းကြောင့် ဒန့်သလွန်သီးစျေးမှာ ပိုမိုမြင့်တက်ရခြင်းဖြစ်ကြောင်းလည်း အလုံ ဆင်မင်းစျေးရှိ စျေးသည်များထံမှ သိရသည်။

“စားချင်တာလား နောက်ရက်မှာထားမယ် စျေးမလာရင်လည်းပြော အိမ်လိပ်စာပေးထား လာပို့ပေးမယ်၊ ဒန့်သလွန်က စျေးအရမ်းကြီးတော့ လူတိုင်းမစားနိုင်ဘူး တင်ရောင်းရင်ဝယ်နိုင်သူနည်းတယ် စားချင်ရင်မှာထားမယ် လိပ်စာပေးခဲ့”ဟု အမည်မဖော်လိုသူ စျေးသည်တစ်ဦးက CJ Platform ကိုပြောသည်။

အကြမ်းဖက် စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံအတွင်း အထွေထွေစျေးနှုန်းမြင့်တက်မှု ၊ အလုပ်အကိုင်ရှားပါးမှု၊ ငွေကျပ်တန်ဖိုးကျဆင်းမှုနှင့် အနာဂတ်မျှော်လင့်ချက် ပျောက်ဆုံးမှုများကြောင့် မိမိကိုယ်ကိုယ်ကိုယ် သတ်သေသည့် ဖြစ်စဉ်များလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့သည်။