မင်းလှက အရပ်သား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

Author မင်းထက်
Categories
Published on Oct 23, 2023

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်က အရပ်သား ၆ ဦးကို ဓားစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း ယင်းခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရိုးမမြေက CJ Platform သို့ ပြောသည်။

ယမန်နေ့အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီး၌ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ကျွန်တော်တို့အဖွဲ့က ကင်းလှည့်ရင်းက သူတို့ကိုဖမ်းတာ မြင်လို့ စောင့်ကြိုတိုက်ခိုက်တာပါ။ စကစဘက်ကို ကျွန်တော်တို့ဘက်က ဝိုင်းပစ်ကြတာကြောင့် သူတို့တွေ ဦးတည့်ရာပြေးကြရာမှာ ဒဏ်ရာရတဲ့ စခကိုတော့ အရသယ်ပြီး ထွက်ပြေးကုန်ကြတယ်။ ဖမ်းခံရသူတွေ လွတ်သွားလားဆိုတာတော့ မသိရဘူးဗျ” ဟု ရဲဘော် ရိုးမမြေက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။