မင်းပြားရှိ ခမရ (၃၈၀) တပ်ရင်းကို AA အပြီးသတ်သိမ်းပိုက်

Author အဂ္ဂ
Categories
Published on Jan 29, 2024

ရခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ စစ်ကောင်စီ၏  အမှတ် (၃၈၀) ခြေမြန်တပ်ရင်း (ခမရ) ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ တပ်ရင်းစခန်းကို စစ်ကောင်စီက လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ပြုလုပ်ကာ ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

 

ညီနောင်သုံးဖွဲ့ ထုတ်ပြန်သည့်ပုံတွင် ခမရ (၃၈၀) နှင့် တဆက်တည်းတွင် ခမရ (၃၇၉)၊ ခမရ (၅၄၁) တပ်ရင်းများတည်ရှိနေပြီး တဆက်တည်းရှိနေသည့် တပ်ရင်းစခန်းသုံးခုအနက် တစ်ခုကို ပထမဦးစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

လက်ရှိတွင် ရက္ခိုင်ပြည်ရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး အထိနာနေသည့် စစ်ကောင်စီသည် လက်နက်ကြီးများအပြင် လေကြောင်းမှ ဗုံးကြဲရာတွင် အဆိပ်ငွေ့ဗုံးများပါ အသုံးပြု၍ အရပ်သားပြည်သူများနှင့် မြို့၊ ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပိုမိုလုပ်ဆောင်လာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယမန်နေ့တွင် စစ်ကောင်စီသည် ရမ်းဗြဲမြို့နယ်တွင် ထိ‌တွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိသော်လည်း ရမ်းဗြဲမြို့ကို ပျက်စီးစေရန် ရည်ရွယ်ကာ လေကြောင်းမှ ဓာတုအဆိပ်ငွေ့ဗုံးကိုပါ စတင်သုံးကာ ဗုံးကြဲချခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ မြို့ပျက်စီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စဉ်ရက်ဆက် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်သည်ဟုလည်း သိရသည်။

 

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးဖြစ်ပွားနေသည့် ၂၀၂၃ ခုနှစ်အတွင်း ရှမ်းမြောက်ရှိ ကိုးကန့်ဒေသနှင့် တအာင်းဒေသ တိုက်ပွဲများအတွင်း အထိနာသည့်အခါများ၌ ဓာတုအဆိပ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့ဖူးသော်လည်း CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

 

ဇန်နဝါရီ (၁၇) ရက်နေ့တွင်လည်း မြောက်ဦးမြို့တွင် အခြေစိုက်သည့် ခမရ (၃၇၇) နှင့် (၅၄၀) တပ်ရင်း၊ အမှတ် (၃၁) ရဲတပ်ရင်း တို့မှ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် မြောက်ဦးမြို့တွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည့်အတွက် ဒေသခံအရပ်သား ပြည်သူ လေးဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  မြို့ပေါ် ရပ်ကွက်ရှိ နေအိမ် (၂၀) ကျော်မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ထို့အပြင် ဇန်နဝါရီ (၁၇) ရက်နေ့တွင်ပင် ဘူးသီးတောင်မြိုနယ် ကြာညိုပြင်စခန်းအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိအခိုက် အကျအဆုံးရှိကြောင်း၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

မင်းပြားမြို့နယ် အမ်းသားကျေးရွာအနီးတွင် စစ်ဘေးရှောင်လာသည့် အသက်(၁၇) နှစ်အရွယ် လူငယ်တစ်ဦးမှာ မြေမြုပ်မိုင်းနင်းမိသည့်အတွက် ခြေထောက်တစ်ဖက်ပြတ်၍ ညာဘက်မျက်လုံးပွင့်ထွက်သည်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

လက်ရှိတွင် ရခိုင်ပြည်အနှံ့အပြားတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်ကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော်သည် ချင်းပြည် ပလက်ဝဒေသတစ်ခုလုံး၊ ရခိုင်ပြည်ရှိ ပေါက်တောမြို့နှင့် နေရာအနှံ့ပြားရှိ စစ်ကောင်စီ တပ်စခန်းပေါင်း (၁၇၀) ခန့်ကို သိမ်းပိုက်ထားနိုင်ပြီလည်း ဖြစ်သည်။

 

ဓာတ်ပုံ – ညီနောင်သုံးဖွဲ့