မင်းပြားရှိ ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်းများနှင့် မောင်တောရှိ တောင်ပြို(လက်ဝဲ) စခန်းတို့ကို AA အပြီးသတ်သိမ်းပိုက်

Author အဂ္ဂ
Categories
Published on Feb 07, 2024

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည် မင်းပြားမြို့ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံ အမှတ် (၃၇၉) ခြေမြန်တပ်ရင်း (ခမရ ၃၇၉)၊ အမှတ်(၅၄၁) ခြေမြန်တပ်ရင်း (ခမရ ၅၄၁) များနှင့် မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ) စခန်းတို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်) နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရက္ခိုင်ပြည် မင်းပြားမြို့တွင် စစ်ကောင်စီ၏ စကခ(၉) လက်အောက်ခံ ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁) ဟူသော တပ်ရင်းသုံးရင်းအခြေစိုက်ထားပြီး ခမရ (၃၈၀) ကို ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ခမရ(၃၇၈) နှင့် (၅၄၁) တပ်ရင်းနှစ်ရင်းကိုမူ ယမန်နေ့မှသာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မင်းပြားရှိ စစ်ကောင်စီ၏ တပ်ရင်းသုံးရင်းစလုံးကို ရက္ခိုင့်တပ်တော်က အပြီးသတ်ထိန်းချုပ်ထားနိုင်ပြီးနောက် မင်းပြားမြို့ကိုပါ ထိန်းချုပ်နိုင်ခြင်းရှိ မရှိကိုမူ ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

 

အလားတူပင် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ (၄) ရက်နေ့မှစတင်ကာ သုံးရက်ကြာတိုက်ခိုက်ပြီးနောက် ယမန်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မောင်တောမြို့ရှိ တောင်ပြိုစခန်းသည် (လက်ဝဲ၊ လက်ယာ) ဟူ၍ စခန်းနှစ်ခုရှိပြီး လက်ယာစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့ ညနေတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် လက်ဝဲစခန်းကိုမူ ယမန်နေ့မှသာ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

တောင်ပြိုစခန်းသိမ်းတိုက်ပွဲ သုံးရက်တာအတွင်း စစ်ကောင်စီတပ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေ့စဉ်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ပြေးဝင်ခိုလှုံခဲ့ကြပြီး သုံးရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစေုပေါင်း (၂၀၀)ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြေးဝင်ခိုလှုံခဲ့သည်ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒေသတွင်းမီဒီယာဖြစ်သည့် Dhaka Tribune တွင်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်ပေါင်း (၂၆၄) ယောက်သည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ခိုလှုံလျက်ရှိသည်ဟု ဖော်ပြထားသည်။

 

ထို့ပြင် ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်များတွင်လည်း ယခင်ရက်များနည်းတူ တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိပြီး ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာမှ အသက်မပြည့်သေးသည့် ကျောင်းသား နှစ်ဦး၊ အသက် (၁၇) နှစ်အရွယ်လူငယ်တစ်ဦးနှင့် အသက်(၅၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် ဈေးသို့ ပစ္စည်းများကို လှေဖြင့်သွားရောက်ပို့ဆောင်စဉ်တွင် ကျောက်ဖြူ GTI ကျောင်းနားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀) ကျော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

 

လက်ရှိတွင် ရခိုင်ပြည်အနှံ့အပြားတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး ထိတွေ့တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများကို လေကြောင်း၊ ရေကြောင်းမှသာမက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ဖျက်ဆီးမှုများ နေ့စဉ်လုပ်ဆောင်နေသည့်အပြင် အရပ်သားပြည်သူများကိုလည်း မကြာခဏ ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းလုပ်ခြင်း၊ ဓားစာခံလုပ်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

 

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့်တိုက်ပွဲများအတွင်းတွင် များစွာ အထိနာလျက်ရှိပြီး  ချင်းပြည်ရှိ ပလက်ဝဒေသတစ်ခုလုံး၊ ရက္ခိုင်ပြည် ပေါက်တောမြို့နှင့် ရက္ခိုင်ပြည် အနှံ့အပြားရှိ တပ်ရင်းစခန်းများ၊ ဗျူဟာကုန်းများအပါအဝင် အခြေစိုက်စခန်းပေါင်း (၁၇၀) ကျော်အထိကိုလည်း ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ထားရပြီလည်းဖြစ်သည်။

 

ဓာတ်ပုံ – ‌AA Info Desk