ဘဲသားကျွေးသည့် အရပ်သားကို စစ်ကောင်စီတပ်များ၏ အကွက်ကျကျ စီစဥ် အနိုင်ကျင့်မှုကြောင့် သေဆုံးခဲ့ဖွယ်ရှိဟုဆို
ကရင်အမျိုးသားအစည်းအရုံး၏ မုန်းမြို့နယ် အုပ်ချုပ်နယ်မြေ၌ အသက် ၂၅နှစ်အရွယ်ရှိ စော်အားထော်မူးကို စစ်ကောင်စီတပ်များက အကွက်ကျကျ စီစဥ်ပြီး အနိုင်ကျင့် သတ်ဖြတ်ခဲ့ဖွယ် ရှိကြောင်း သိရသည်။
စက်တင်ဘာ ၂၁ရက် ညပိုင်းတွင် စစ်ကောင်စီ၏ ခမရ- ၆၀၃ တပ်မှ တပ်ဖွဲ့ဝင် အချို့သည် မုန်းမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာမှ ဒေသခံလူငယ် စော်အားထော်မူးထံမှ ကြက်သား တောင်းစားရာတွင် ၄င်းက ဘဲတစ်ကောင်သာ ပြန်၍ ပေးခဲ့သည်။
ထို့နောက် နောက်တစ်နေ့ နံနက် ၆နာရီခန့် တွင် စော်အားထော်မူးသည် ၄င်းတို့ ဒေသခံများ နေ့စဥ် သွားလာနေသည့် လမ်းမှ ဖြတ်၍ မြှံးသွားကြည့်ပြီး အပြန်၌ မိုင်းနင်းမိခဲ့သည်။
စော်အားထော်မူး မိုင်းနင်းမိခဲ့သည့် လမ်းအတိုင်း ယင်းနေ့မတိုင်မီ ညပိုင်းက ၄င်းထံမှ ဘဲ တစ်ကောင်တောင်း ယူသွားသည့် စစ်ကောင်စီတပ်များ ဖြတ်၍ ပြန်သွားခဲ့သေးပြီး မိုင်းပေါက်ချိန်တွင်လည်း တစ်ပြိုင်တည်းလိုပင် ရောက်လာခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များက မိုင်းနင်းမိ၍ ဒဏ်ရာရထားသည့် စော်အားထော်မူးကို ကျွန်းပင်ဆိပ်ရွာ ဘုန်းကြီးကျောင်း တစ်ခုသို့ ခေါ်ဆောင်သွားပြီး ဆေးတစ်လုံး ထိုးပေးကာ မိုင်းထိ ဒဏ်ရာ ရထားသည့် ခြေထောက်ကို ပတ်တီး စီးပေးခဲ့သည်။
ဒူးခေါက်အထက်နားတွင်လည်း သွေးထွက်မလွန်ရန် TQ စည်းပေးခဲ့သည်ဟုလည်း သိရသည်။
သို့သော် စစ်ကောင်စီတပ်များသည် သွေးတိတ်စေရန် ပေါင်အရင်းနား၌ TQ စီးပေးရမည့်အစား ဒူးအထက်တွင် စီးပေးခဲ့ပြီး သွေးမတိတ်သေးသည့် လူနာအား ဂလူးကို့စ် ထိုးပေးခဲ့သည်။
ဂလူးကို့စ် ထိုးနှံခြင်းသည် သွေးတွင်း သကြားဓတ်ကျဆင်းနေချိန်များတွင်သာ ထိုးနှံရခြင်း ဖြစ်ပြီး သွေးမတိတ်သေးသည့် လူနာများကိုမူ ယင်းသို့ ထိုးနှံပေးခြင်း မရှိဘဲ သွေးတိတ်ရန်သာ ဦးစားပေးဆောင်ရွက်ရသည်ဟု စံပြဆေးရုံမှ ဆရာဝန်တစ်ဦး ထံမှ သိရသည်။
ထို့ပြင် ဂလူးကို့စ် ထိုးနှံခြင်းသည် သွေးဖိအားကို တက်လာစေပြီး သွေးအား ပိုမိုကောင်းလာစေသဖြင့် သွေးမတိတ်သေးပဲ ထိုးနှံရန် မသင့်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်များ၏ TQ စီးပေးမှု ပုံစံမကျသဖြင့် စော်အားထော်မူးသည် မိုင်းထိသည့် ဒဏ်ရာမှ သွေးမတိတ်နိုင်သဖြင့် ဒေသခံများက မုန်းမြို့ သို့ပို့ဆောင်ရန် တောင်းဆိုသော်လည်း ခွင့်မပြုခဲ့ပဲ ကုန်းတစ်တန် လှေတစ်တန်သွားရမည့် နတ်သံကွင်းကျေးရွာသို့သာ သွားခွင့်ပေးခဲ့သည်။
သို့သော် သွေးများ တောက်လျှောက် ကျဆင်းသည့် မိုင်းဒဏ်ရာများဖြင့် စော်အားထော်မူးသည် နတ်သံကွင်း ကျေးရွာသို့ မရောက်ရှိနိုင်တော့ပဲ သွေးထွက်လွန်ကာ မိုင်းနင်းမိ၍ ၅နာရီခန့်အကြာ စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီခန့်တွင် ဝဲကြီးကျေးရွာ အရောက်၌ ဆုံးပါးခဲ့ရခြင်း ဖြစ်သည်။
“ကေအဲန်ယူ-မုန်းမြို့နယ်တာဝန်ရှိသူ၊ ဆေးဝန်ထမ်း၏ စစ်ဆေးသုံးသပ်ချက်အရ ဒဏ်ရာရသူသည် အသက်မဆုံးရှုံးသင့်ပဲ သေဆုံးရသည်မှာ သွေးထွက်သည့်လူနာကို Glucose ထိုးပေးသည့်အပြင် TQ ကို ပေါင်ရင်းတွင် မချည်ပေးပဲ ဒူးခေါင်းတွင် ချည်ပေးသောကြောင့် သွေးထွက်လွန်ပြီး သေဆုံးရခြင်းဖြစ်သည်။” ဟု KNU က ဆိုသည်။
ယခု သေဆုံးခဲ့သည် ကျွဲပင်ဆိပ်ကျေးရွာ ဒေသခံ စော်အားထော်မူးထံတွင် ဇနီးဖြစ်သူနှင့် တစ်နှစ်ခွဲအရွယ် သမီငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။