ဘောလခဲရှိ စစ်ကောင်စီ ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Author မယ်ဘယ်ကိုး
Categories
Published on Feb 09, 2024

ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ (ခမရ-၁၁၂)တပ်၏ ၁၂ မိုင်ကုန်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)က ယနေ့တွင် ထုတ်ပြန်သည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း KPLA ၏ ပူးတွဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့သကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ချေမှုန်းခံရကာ စစ်သုံ့ပန်းတစ်ဦးလက်ရဖမ်းဆီးခဲ့သည့်အပြင် အချို့ ထွက်ပြေးသွားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် ၈ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ MA 3 အမျိုးအစားသေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ် (၁) လက်၊ ၉ မမ ပစ္စတို (၁) လက် အစရှိသဖြင့် လက်နက် စုစုပေါင်း (၁၆)လက်အပါအဝင် ခဲယမ်းမျိုးစုံနှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း KPLA က ထုတ်ပြန်ထားသည်။

ကရင်နီပြည်၏ ၁၁၀၇ စစ်ဆင်ရေးအဖြစ် ၁၂ မိုင်ကုန်းစခန်းကို တပ်မဟာ(၇၈၂၆)နှင့်အတူ KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။