ဘူးသီးတောင်မြို့၌ ရိုဟင်ဂျာများကို စစ်ကောင်စီ အခွန်ဦးစီးမှူးက ခြိမ်းခြောက် ငွေညှစ်မှုများ ပြုလုပ်နေ

Author မောင်ဒဂုံ
Categories
Published on Sep 21, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ရိုဟင်ဂျာများထံမှ စစ်ကောင်စီ မြို့နယ်အခွန်ဦးစီးမှူးက ခြိမ်းခြောက် ငွေညှစ်မှုများ ပြုလုပ်နေသည်ဟု ဘူးသီးတောင်မြို့မှ အဖိနှိပ်ခံ ရိုဟင်ဂျာများက CJ Platform သို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ရက် နောက်ပိုင်းတွင် မောင်းတောမြို့နယ် အခွန်ဦးစီးဌာနမှ ပြောင်းရွှေ့လာသည့် စစ်ကောင်စီ အခွန်ဦးစီးမှူး ဦးသန်းလှိုင် ဆိုသူသည် ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက် သုံးခုမှ ရိုဟင်ဂျာများထံမှ အိမ်အသစ်ဆောက်ခြင်း ပြုပြင်ခြင်းများ လုပ်ဆောင်လိုလျှင် တစ်အိမ်လျင် ငွေကျပ် ရှစ်သိန်းမှ သိန်းသုံးဆယ်ထိ ခြိမ်းခြောက် ငွေညှစ်ကာ အခွန်ကောက်ခံနေသည်ဟု သိရသည်။

” သူက ရခိုင်သားပဲ။ မောင်းတောက ပြောင်းလာတဲ့ အခွန်ဦးစီးပေါ့။ တစ်အိမ်ကို ရှစ်သိန်းက စတောင်းတယ်။ သိန်းသုံးဆယ်ထိပဲ။ မပေးနိုင်ရင် မင်းတို့ ဘဏ်ကို ကိုယ့်ဘာသာ သွားဆောင်တဲ့ အကျပ်ကိုင်တယ်” ဟု ဘူးသီးတောင် ဒေသခံ ရိုဟင်ဂျာ တစ်ဦးက ပြောသည်။

ခြိမ်းခြောက် အကျပ်ကိုင် ငွေညှစ်ခံရသည့် ရိုဟင်ဂျာများမှာ ဘူးသီးတောင် မြို့ပေါ်ရှိ ၅ရပ်ကွက်၊ ၁ရပ်ကွက်နှင့် ၂ရပ်ကွက်တို့၌ နေထိုင်ကြသူများ ဖြစ်ပြီး စစ်ကောင်စီ အခွန်ဦးစီးမှူး တောင်းသည့် ငွေပမာဏမှာ အနိမ့်ဆုံးပင် ကျပ်ရှစ်သိန်းဖြစ်နေ၍ ပေးရန် မတတ်နိုင်ဖြစ်နေရသည်။

သို့သော် စစ်ကောင်စီ အခွန်ဦးစီးမှူးက ၄င်းတောင်းသည့် ငွေပမာဏအား မပေးနိုင်ပါက ရိုဟင်ဂျာများကို မကြားဝံ့မနာသာ လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် ဆဲဆိုသည်ဟုလည်း သိရသည်။

” သူတောင်းတာ မပေးရင် မင်းတို့ …လား တွေ အိမ်တော့ဆောက်တယ် အခွန် တောင်းတာကျ မပေးဘူး။ ရှစ်သိန်းကိုများတယ်။ မင်း မေ…… များ ဆိုပြီး ပယ်ပယ်နယ်နယ် ဆဲတော့တာပဲ”ဟု ဆဲဆိုခံရသည့် ရိုဟင်ဂျာတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာများသည် ရက္ခိုင့်တပ်တော်ရော စစ်ကောင်စီကိုပါ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲများစွာ ဖြစ်နေရသည်ဟုလည်း သိရသည်။
ပုံစာညွှန်း- ပုံအဟောင်းကို အသုံးပြုထားပါသည်။