ဘုရားသုံးဆူတွင် ထိုင်းနိုင်ငံသို့ သွားရောက်ရန် လာသည့် လူငယ်များ အလွန်များပြားနေပြီး လူလိမ်ပွဲစားများကြောင့် အခက်တွေ့နေ

Author သီရိ
Categories
Published on Mar 02, 2024

စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ဥပဒေအား ကြေညာပြီးနောက် ထိုင်း−မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် လာရောက်ကြသည့် လူငယ်များ အလွန်များပြားနေပြီး အလုပ်ရှာဖွေပေးသည့် ပွဲစားများ လိမ်လည်မှုများကြောင့် မြို့တွင်းမှာပင် ပိတ်မိကာ လူငယ်အများစု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

 

ဘုရားသုံးဆူမြို့ရပ်ကွက်များရှိ တန်ဖိုးနည်း တန်းလျားများတွင် အခြားသော မြို့ရွာများမှ လာရောက်နေထိုင်ကြသူ လူငယ်များနှင့် ပြည့်နေပြီး ထိုင်းနိုင်ငံဘက်မှလည်း လုံခြုံရေး တင်းကြပ်ထားကာ အလုပ်ရှာပေးသည့် ပွဲစားများ လိမ်လည်မှုများကြောင့် လူငယ်အချို့ မြို့တွင်းမှာပင် ပိတ်မိကာ ဒုက္ခရောက်နေရကြောင်း သိရသည်။

 

“ဒီဘက်မှာ ရှမ်းပုလိပ်တွေက အစစ်ဆေး တအားများနေတယ်၊ ပြီးတော့ အရင်က ကိုဗစ်ဖြစ်တော့ တန်းလျားတွေ လွတ်ကုန်တယ်လေ၊ အခုတန်းလျားတွေအကုန်ပြည့် လူစိမ်းတွေများလာတယ် တချို့ကျတော့ ထိုင်းတက်ဖို့ကော ဒီမှာအလုပ်လုပ်ဖို့ကော တော်တော်များလာတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

 

ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းများမှ ပို့ဆောင်ပေးသည့် ပွဲစားတချို့မှာလည်း အာမခံချက်မရှိခြင်း၊ လမ်းတစ်ဝက်တွင်ချန်ထားခဲ့ခြင်း၊ လိမ်လည်ခြင်း ဖမ်းဆီးခံရခြင်းများ ရှိနေခြင်းကြောင့် ချောင်းဆုံကျေးရွာရှိ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့စုံဂိတ်မှ ထိုင်းနိုင်ငံသို့သွားရောက်မည့်သူများကို စစ်ဆေးမေးမြန်းကာ ပို့ဆောင်ပေးမည့် ပွဲစားနာမည်များကို စားရင်းကောက်ယူထားကြောင်း ဘုရားသုံးဆူမှ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

 

“ဘယ်မြို့ကနေ ဘယ်လိုပဲလာလာ မြို့အဝင်မှာတော့ အဖွဲ့စုံဂိတ်ကစစ်တယ် ထိုင်းသွားမဲ့သူတွေလားပေါ့ ထိုင်းသွားမဲ့သူတွေဆို တချို့ကယ်ရီက အာမခံချက်မရှိဘူး သွားရင်နဲ့လမ်းမှာပစ်ထားတာတို့၊ အုပ်စုလိုက် သုံးဆူကဘက်ကို ပြန်ရောက်လာတာတို့ရှိတယ်၊ အဲ့တာကြောင့် တာဝန်ခံမှုရှိအောင် မြို့အဝင်ဂိတ်မှာ သေချာစစ်တယ် ကယ်ရီနာမည်တောင်းတယ်၊ တချို့ကျတော့လည်း လမ်းအခြေနေကြောင့် မြို့မှာသောင်တင်တာပေါ့၊ ကယ်ရီတွေအိမ်မှာ နေရတယ် ကယ်ရီသမားက ထမင်းပြန်ကျွေးထားတာလည်း ရှိတယ် ထိုင်းတွေကလည်း ဖမ်းမယ်ဆီးမယ်ဆို နံပါတ်တစ်ပဲ၊ လမ်းတွေကလည်း အရင်လိုမဟုတ် အခက်ခဲတွေ အများကြီး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ပြည်တွင်းရှိ လူငယ်အများစုမှာ ထိုင်းနိုင်ငံဘက်ကို တရားဝင်လမ်းများဖြင့်ဖြစ်စေ၊ တရားမဝင်လမ်းများဖြင့်ဖြစ်စေ နေ့စဉ်သွားရောက်မှုများရှိနေကာ ထိုင်း−မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ဘက်မှလည်း ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့ သွားလာနေသူများ ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ဓာတ်ပုံ − လူမှုကွန်ရက်