ဘုမ္မဝတီခရီးသည်တင်ယာဥ်တွင် လက်နက်များတွေ့ရှိသည်ဟုဆိုကာ ယာဥ်မောင်းဖြစ်သူနှင့် ယာဥ်နောက်လိုက် ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 30, 2022

မင်းတုန်းမြို့နှင့် ပြည်မြို့သို့ ပြေးဆွဲနေသည့် ဘုမ္မဝတီ ခရီးသည်တင်ယာဥ်တစ်စီးတွင် ယမန်နေ့ ညနေပိုင်းက လက်နက်များတွေ့ရှိ၍ စစ်ကောင်စီက ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်နှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ယာဥ်မောင်းအချို့ဆီက သိရသည်။

မင်းတုန်းမြိုနယ် မဲဇလီကျေးရွာအနီး ပုသိမ်-မုံရွာသွား ကားလမ်းမပေါ်တွင် ယမန်နေ့ ညနေလေးနာရီက ဘုမ္မဝတီခရီးသည်တင်ယာဥ်တွင် တင်ဆောင်လာသော Air Compressor အတွင်းမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ကို တွေ့ရှိ၍ ဖမ်းဆီးခံခဲ့ရတာဖြစ်သည်ဟု ယာဥ်မောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“ဂိတ်က ပါဆယ်တင်ပေးလိုက်တဲ့ ပစွည်းမှာပါလာတာ အဲ့ဒါကို စစ်တပ်က ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်ကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်၊သတင်းပေး ရှိတာဖြစ်နိုင်တယ်”ဟု ရှင်းပြသည်။

Air Compressor အတွင်းတွင် M-4 သေနတ် ၁ လက်၊ M-16 သေနတ် ၁ လက် ဘက်တံဆိပ် ၂၀၀ ခု၊ ရင်ထိုးတံဆိပ် ၁၀၀ ခု၊ ကပ်ခွာ ၃ လိပ်၊ M-16 ကျည်အိမ် ၈ ခု၊ ဒရုန်းကင်မရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၆ ခုအား တွေ့ရှိရသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချီလူမှုကွန်ရက်များတွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် ဖမ်းဆီးခံရသူယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်နှစ်ဦးကို မင်းတုန်းမြို့မရဲစခန်းမှ တဆင့် စစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားသည်ဟု ယာဥ်လိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်လတွေကလည်း စစ်ကောင်စီတပ်က အဝေးပြေးယာဥ်လိုင်းမှ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်အချို့ကို လက်နက်များသယ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်လည်း ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းတုန်းမြို့ #ဘုမ္မဝတီ #လက်နက်