ဘုန်းကြီးကျောင်းတစ်ခုအတွင်း ဖွင့်လှစ်ထားသည့် အင်္ဂလိပ်စကားပြောသင်တန်းကို PDFသင်တန်းဆိုကာ စစ်ကောင်စီကဝင်ဖမ်း

Author လက်ပံ
Categories
Published on Sep 24, 2022

ဧရာဝတီတိုင်း မြောင်းမြမြို့ ကံကော်မြိုင်ဘုန်းကြီးကျောင်းအတွင်း ဖွင့်လှစ်ထားသည့် အခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းမှ သင်တန်းသားများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ရက်နေ့ နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများမှ ဘုန်းကြီးကျောင်းအတွင်း လက်နက်များကိုင်ဆောင်ကာ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အားလုံးပေါင်း ဖမ်းဆီးခံရတာ ၁၁ယောက် မိန်းကလေးတွေလည်းပါတယ်၊ ဘုန်းကြီးကျောင်းထဲကို ကျောင်းထိုင်ဆရာတော်ကိုလည်း အကြောင်းမကြား အုပ်ချုပ်ရေးမှူးလည်း မပါဘဲနဲ့ ဝင်ဖမ်းတာ”ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

ယင်း အင်္ဂလိပ်စကားပြော သင်တန်းမှာ အခမဲ့သင်တန်းတစ်ခုဖြစ်ပြီး သင်တန်းတက်ရောက်နေသည့် ကျောင်းသား ရှစ်ဦး၊ ကျောင်းသူ နှစ်ဦး အပါအဝင် သင်တန်းဆရာမတစ်ဦး သင်တန်းဆရာတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကာ၊ ဆရာမတစ်ဦးနှင့်ကျောင်းသား၊ကျောင်းသူများကို ညပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဆရာဖြစ်သူကိုမူ ဆက်လက် ဖမ်းဆီးထားစဲဖြစ်ကြောင်း သိရသည်။

“PDF သင်တန်းပေးတယ်ဆိုပြီးတော့ ဝင်ဖမ်းတာလို့ ပြောတယ်၊ အင်္ဂလိပ်စကားပြောသင်တန်းပါ ဒီလို မြို့ထဲမှာ ဘုန်းကြီးကျောင်းတစ်ခုမှာ ဘယ်လိုလုပ် PDFသင်တန်းပေးလို့ရမလဲ၊ ကိုယ့်ဘာသာ အေးဆေး ပညာရှာဖွေနေလဲ ဖမ်းတာပဲ”ဟု အခြားသော ဒေသခံတစ်ဦးမှ CJ Platform ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ မြောင်းမြမြို့မရဲစခန်းမှ မြို့နယ်အတွင်းရှိ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေပြီး မြောင်းမြမြို့ရဲစခန်းရှိ အချုပ်ခန်းအတွင်းတွင် လူငယ် ၃၀ဦးကျော်ကို ဖမ်းဆီးထားကာ အမျိုးသမီး ၅ဦးထက်မနည်း ပါဝင်နေခဲ့သည်။

Related News

Depend on news