ဘိုကလေးတွင် စက်လှေဖြင့်မျောပါလာသည့် ရိုဟင်ဂျာ ၆၅ ဦးဖမ်းဆီးခံရ အစာရေစာပြတ်၍ ခြောက်ဦးသေဆုံး

Author အောင်နိူင်သူ
Categories
Published on Aug 30, 2022

ဘိုကလေးမြို့နယ် အမာမြို့ ဂယက်ကြီးကျွန်းအနီးမှာ ယမန်နေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၆၅ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲမှာ ခြောက်ဦးမှာ အစာရေစာငတ်ပြတ်ပြီး သေဆုံးနေသည်ဟု မြို့ခံတွေဆီကသိရသည်။

ရိုဟင်ဂျာများစီးလာသည့် စက်လှေတွင် ပင်လယ်အတွင်းရက်များကြာမြင့်စွာ ပျက်နေသည့်အတွက် အစာရေစာငတ်ပြတ်ကာ ခြောက်ဦးမှာသေဆုံးနေပြီဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သနားဖို့ကောင်းတယ်ဗျာ ဖမ်းမိတယ်ဆိုရင် ချက်ချင်းရဲစခန်းမခေါ်သွားသင့်ဘူး ကျွေးမွေးဖို့လုပ်ရမှာ လူပဲဗျာ ဥပဒေက တစ်ပိုင်းလေ အခုက ချက်ချင်းကြိုးတုပ်ခေါ်သွားတာ”ဟု ပြောသည်။

အစာရေစာငတ်ပြတ်၍ သေဆုံးသူမှာ အမျိုးသားသုံးဦးနှင့်အမျိုးသမီးသုံးဦးဖြစ်ပြီး ကျန်၅၉ဦးမှာလည်း ကျန်းမာရေးချို့ယွင်းနေကြသည်ဟု အမာမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသူရိုဟင်ဂျာ အမျိုးသား ၃၆ဦးနှင့်အမျိုးသမီး၂၉ ဥဦးတို့ကို ဘိုကလေးမြို့မရဲစခန်းမှ လဝကဥပဒေဖြင့်အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရိုဟင်ဂျာလူမျိုး ဖမ်းဆီးခံရသည်မှာ သုံးရာနီးပါးရှိပြီဖြစ်ကြောင်း လဝကဦးစီးဌာနနှင့်နီးစပ်သူတွေဆီက သိရသည်။

Related News

Depend on news