ဘားအံ−မြဝတီ အာရှလမ်းပိုင်းနှင့် ကော့ကရိတ် မြို့ဧရိယာ ၆၀ ရာခိုင်နှုန်းအထိ စိုးမိုးထိန်းချုပ်ထားဟု MoD ဆို 

Author သီရိ
Categories
Published on Feb 26, 2024

ဘားအံ−မြဝတီ(အာရှလမ်းပိုင်း)နှင့် ကော့ကရိတ် မြို့ပေါ်ဧရိယာ ၆၀ ရာခိုင်နှုန်းအထိ စိုးမိုးထိန်းချုပ်ထားပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MoD)၏ တောင်ပိုင်းတိုင်းစစ်ဒေသက ယနေ့ ဖေဖော်ဝါရီ  ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

 

KNU တပ်မဟာ(၆)နယ်မြေ၊ ဘားအံ−မြဝတီလမ်း(အာရှလမ်းပိုင်း)နှင့် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းများ၊ ဂိတ်စခန်များကို ဒီဇင်ဘာလ(၁)ရက်မှစတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ချအညံ့ခံသူ ၁၄ ဦး၊ သေဆုံးသူ (၃၀) ဦး၊ ဒဏ်ရာရှိသူအများအပြားနှင့် လက်နက် ၄၆ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၇ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

 

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ခလရ (၉၇)တပ်ရင်းနှင့် လှိုင်ဝအမြှောက်ကုန်းမှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရှိနိုင်မည့်နေရာများကို မီးလောင်ဗုံးများဖြင့် မှန်းဆပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကော့ကရိတ်မြို့မှ နေအိမ်များ နေ့စဉ်နီးပါးမီးလောင်နေကြောင်း ကော့ကရိတ်မြို့ရှိ စစ်ရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

“မြို့ကလူတွေကတော့ ကိုယ်နေတဲ့ နေရာတွေကို ပြန်နေချင်ကြတယ်။ ဆင်းရဲကျပ်တည်းတာကို မခံနိုင်တော့ဘူး” ဟု ၎င်းကပြောသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁ ရက်မှ ယခုဖေဖော်ဝါရီ  ၂၆ ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နေအိမ်အလုံး ၄၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ အရပ်သားပြည်သူ  ၂၀,၀၀၀ ကျော်  နေရပ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေးအတွက် အခက်အခဲကြုံနေရကြောင်း စစ်ရှောင်ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

Related News

Depend on news