ဘားအံမှာ ရေစီးနဲ့ မိန်းကလေးနှစ်ဦး မျောပါသွား

သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် ကရင်ပြည် ဘားအံမြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ဒီကနေ့ ဇူလိုင်လ ၂၈ ရက်မှာ မိန်းကလေးနှစ်ဦး ရေစီးနဲ့မျောပါသွားလို့ ကူညီကယ်ဆယ်နေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဘားအံ–ဇာသပြင်လမ်း ညောင်ရိပ်ဆီဆိုင်အနီးမှာ ကားလမ်းမပေါ် ရေဖြတ်ကျော်နေပြီး ရေစီးကြမ်းနေတာကြောင့် ဖြတ်သန်းသွားခဲ့သူ အမျိုးသမီးငယ်နှစ်ဦး မျောပါသွားတာလို့ သိရပါတယ်။
“ရေစီးက အရမ်းကြမ်းတယ်။ ကားနဲ့ဖြတ်ရတာတောင် ရင်တထိတ်ထိတ်နဲ့။ ဒီမနက် ဆိုင်ကယ်နဲ့ မိန်းကလေးနှစ်ဦး ရေစီးနဲ့မျောပါသွားလို့ ကယ်နေကြတယ်” လို့ ဖြတ်သန်းသွားလာသူ အမျိုးသမီးတစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒါအပြင် ရေကြီးရေလျှံမှု ဖြစ်ချိန် အဲဒီနေရာမှာ ရေစီးကြမ်းတာကြောင့် ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ကိုလည်း ဒေသခံတွေက သတိပေးထားပါတယ်။
ရေစီးနဲ့ မျောပါသွားတဲ့ မိန်းကလေးနှစ်ဦးရဲ့ အခြေအနေကိုတော့ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီမနက် ၇ နာရီခွဲအချိန်မှာ ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့ အနောက်ဘက်ခြမ်း မြိုင်ကလေးရွာဘက်မှာလည်း တောင်ကျရေကြောင့် ရေကြီးရေလျှံမှုတွေရှိနေသလို ကမ်းနားဘက်ခြမ်းတွေမှာလည်း ရေကြီးရေလျှံမှုတွေ ရှိနေတယ်လို့ မာဃ လူမှုကူညီရေးအသင်းထံကလည်း စုံစမ်းသိရှိရပါတယ်။
မိုးလေဝသအချက်အလက်တွေအရ လာမယ့် ဩဂုတ်ပထမပတ်အထိ ရှမ်းပြည်၊ ကရင်ပြည်တို့မှာ ရေကြီးရေလျှံမှု သတိပေးအဆင့် Alert Level အနီရောင့်အဆင့် ထိရှိနေနိုင်ပြီး ဘားအံမြို့မှာ လာမယ့် ဩဂုတ်လ ၂ ရက်နေ့အထိ Medium Level အဝါရောင်အဆင့် အထိ ရှိနေနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ – Phoe La Min Shopping Mall
ပုံစာ – ဘားအံမြို့အတွင်း ရေဝင်ရောက်နေပုံ