ဘာသာရေး ပဋိပက္ခ မကြာခဏ ဖန်တီးလေ့ရှိသည့် မင်းအောင်လှိုင်သည် ဘာသာရေး အလွဲသုံးစားပြုပြီး အချင်းချင်း စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများ သတိပြုရမည်ဟု ပြောကြား

Author လင်းခိုင်
Categories
Published on Dec 24, 2022

 

ဘာသာရေး ပဋိပက္ခများကို မကြာခဏ ဖန်တီးလေ့ရှိသည့် မင်းအောင်လှိုင်သည် ဘာသာရေး အလွဲသုံးစားပြုပြီး အချင်းချင်း စည်းလုံးမှု ပျက်ပြားအောင် လုပ်ဆောင်နေမှုများ သတိပြုရမည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက် ရန်ကုန်မြို့တွင် ပြုလုပ်သည့် ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနား၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ဘာသာကြီး ၄ ခုအပြင် အခြားသော ဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အသိအမှတ်ပြုထားသည့် ဘာသာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အများဆုံး ကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့် အတူ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားဘာသာ၀င်များသည် ရှေးနှစ်ပေါင်းများစွာက အတူနေထိုင်ခဲ့ ပြီး မည်သည့်ဘာသာကိုမျှ ထိခိုက် နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတော် တည်ဆောက်ခဲ့သည်ဟု ယင်းက ဆိုသည်။

ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများ အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားအောင် ၊ ပြိုကွဲအောင် လုပ်ဆောင်နေမှုများကိုလည်း သတိပြုကာကွယ်ရန် လိုအပ်သည်ဟု မင်းအောင်လှိုင်က ပြောသည်။

မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို လည်းတက်ရောက်ခဲ့ပြီး ခရစ္စမတ် သတင်းနှင့် ဆုမွန်စကားများမျှဝေခဲ့သည်။

မင်းအောင်လှိုင်သည် ထိုကဲ့သို့ ပြောသော်လည်း၊ ယင်း၏ လက်အောက်ခံ အမျိုးသားရေးအစွန်းရောက်များသည် ဘာသာတရားကို အကြောင်းပြကာ အကြမ်းဖက်မှုများ၊ ကြမ်းတမ်းစွာ ဟောပြောမှုများ၊ သာသနာပျောက်မည်၊ အမျိုးပျောက်မည်ဟု ဘာသာရေးခုတုံးလုပ် ဟောပြောမှုများကို ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများအပါအ၀င် မြန်မာနိုင်ငံအနှံ့လုပ်ဆောင်နေသည်။

မင်းအောင်လှိုင်သည် ယခုကဲ့သို့ ခရစ်တော်မွေးနေ့ အခမ်းအနားသို့ တက်ရောက်ရခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခရစ်ယာန် သာသနာပိုင်အချို့က ခရစ္စမတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် မေတ္တာရပ်ခံပြီးနောက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး

ခရစ်ယာန် သာသနာပိုင်အချို့က ပြည်သူများ၏ ဒုက္ခကို စာနာသောအားဖြင့် ခရစ္စမတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများမပြုလုပ်ရန် ၊ ခရစ္စမတ်ကယ်ရယ် သီးချင်းသီဆိုခြင်းနှင့် ခရစ္စမတ်ဓမ္မတေးသီးချင်းကို အသံချဲ့စက်များဖွင့်ပြီး ပွဲခံခြင်း၊ လူစုလူဝေးဖြင့် ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲများကျင်းပခြင်း၊ ပွဲတော်မြတ်နှင့် ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခြင်းများမပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ကြသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မင်းအောင်လှိုင် #ဘာသာရေးပဋိပက္ခ