ဘယ်လ်ဂျီယမ်တွင် ဆွီဒင်ဘောလုံးပရိသတ်နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Published on Oct 17, 2023

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရက်ဆဲလ်မြို့ လမ်းမပေါ်တွင် တနင်္လာနေ့ညပိုင်စက ဆွီဒင်နိုင်ငံသားဘောလုံပရိသတ်နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပြီး နောက်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ရဲ့ ၂၀၂၄ ယူရိုခြေစစ်ပွဲစဉ်ယှဉ်ပြိုင်ပွဲသို့လာရောက်အားပေးတဲ့ ဆွီဒင်ပရိသတ်နှစ်ဦးဟာ ဘောလုံးပွဲ မစခင်မှာပဲ ပစ်သတ်ခံခဲ့ရတာပါ။

ဒီဖြစ်ရပ်ကို ပထမအပိုင်းမှာမှသိရှိခဲ့ရတဲ့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်အသင်းကစားသမားနဲ့ နည်းပြတွေဟာ ပွဲကိုဆက်မကစားဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ပထမပိုင်း တစ်ဖက် တစ်ဂိုးစီသရေပွဲနဲ့ ရပ်ဆိုင်းခဲ့ကြပါတယ်။

ပစ်ခတ်မှုအပြီး ကျူးလွန်သူလို့ သံသယရှိသူဟာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လ်ဂျီယမ် အစိုးရက အဲ့ဒီကျူးလွန်သူကို မြေလှန်ပြီး အင်တိုက်အားတိုက် ရှာဖွေနေတယ်လို့ သိရပြီး နိုင်ငံအနှံ့မှာလဲ အကြမ်းဖက်မှု သတိပေးချက် အမြင့်ဆုံးအဆင့် ထားရှိပြီး ဆောင်ရွက်နေကြတာပါ။

ဖြစ်စဉ်အပြီး အချိန်ခဏအကြာမှာပဲ အစ္စလာမ်လူမျိုးတစ်ဦးက အွန်လိုင်းပေါ်မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ ဒီလုပ်ရပ်ကို သူ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတစ်ဦးကတော့ ဒီဖြစ်ရပ်ဟာ လတ်တလော အစ္စရေး-ပါလက်စတိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပတ်သက်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

ကျူးလွန်သူက ဆွီဒင်နိုင်ငံသားတွေကိုပဲ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက အစ္စလာမ်လူမျိုးတို့ အထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းကို မီးရှို့မှုတစ်ရပ် ဆွီဒင်မှာ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတွင်းက ဂျီဟတ်တွေနဲ့ အခြား အစ္စလာမ်ဘာသာဝင်တွေ ဆွီဒင်တို့နဲ့ ပတ်သက်ဆက်နွယ်မှန်သမျှတွင် ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆွီဒင်နိုင်ငံမှာတော့ သူတို့ရဲ့ အကြမ်းဖက်မှု သတိပေးချက်ကို ဒုတိယအဆင့် မြှင့်တင်ထားခဲ့တာပါ။

ဒီရာဇဝတ်မှု ကျူးလွန်ခဲ့သူလို့ ဝန်ခံပြောဆိုလာသူဟာ သူ့နာမည်က Abdesalem Al Guilan အဘဒီဆာလမ် အယ်လ် ဂူလန်ဖြစ်ကြောင်းနဲ့ သူဟာ အလ္လာရ်က စေလွှတ်တဲ့ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲ ပြောထားတာပါ။

ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေကတော့ တိုက်ခိုက်မှုထဲ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ တစ်ဦးက တက်စီဒရိုက်ဘာတစ်ဦးဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ပြောထားပါတယ်။ သူက ဘရက်ဆဲလ်မြို့သားတွေကို ဖြစ်စဉ်မပြီးမချင်း နေအိမ်အတွင်းမှာပဲ နေဖို့ ပြောကြားထားပါတယ်။

ဘယ်လ်ဂျီယမ်ဝန်ကြီးချုပ် အလက်ဇန်းဒါး ဒီခရိုး ကတော့ သူ့ရဲ့ ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ X(ယခင်တွစ်တာ) ပေါ်မှာ ပစ်မှတ်ထားတိုက်ခိုက်ခံရသူတွေဟာ ဆွီဒင်လူမျိုးတွေ ဖြစ်ကြတယ်လို့ အတည်ပြု ပြောကြားထားပါတယ်။

ဒီည ဘရက်ဆဲလ်မှာ ဆွီဒင်နိုင်ငံသားတွေ ရက်ရက်စက်စက် ပစ်မှတ်ထား တိုက်ခိုက်ခံရတာအပေါ် ဆွီဒင်ဝန်ကြီးချုပ်ဆီ အလွန်အင်မတန် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်” လို့လည်း သူ့ရဲ့ X မှာ ဖော်ပြထားပါတယ်။

ဒီဆွီဒင်နိုင်ငံသားတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ အခုခံစားနေရတဲ့ ခံစားချက်နဲ့ ကျွန်တော်တို့ ထပ်တူရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဒီအကြမ်းဖက်မှုတွေကို အခြားဥရောပမိတ်ဖက်အင်အားစုတွေနဲ့ စုပေါင်း တိုက်ဖျက်ရှင်းလင်းကြမယ်” လို့လည်း သူက ပြောပါတယ်။

ဆွီဒင်တရားရေးဝန်ကြီး ဂန်နာစထရွန်မာကတော့ ဘယ်လ်ဂျီယမ် အာဏာပိုင်တွေနဲ့ ဆွီဒင်အစိုးရ ပူးပေါင်းပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဘယ်လ်ဂျီယံမှာရှိနေတဲ့ ဆွီဒင်နိုင်ငံသားအားလုံးအနေနဲ့လည်း နိုးနိုးကြားကြားရှိနေစေဖို့၊ ဘယ်လ်ဂျီယံအာဏာပိုင်တွေကနေပြီး ဖုန်းမက်ဆေ့ချ်တွေကတစ်ဆင့် ပေးပို့ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဆွီဒင်ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုထားပါတယ်။

အစ္စရေးနဲ့ ဟားမက်စ် ပဋိပက္ခ ဖြစ်ပွားပြီးတဲ့နောက် ဥရောပနိုင်ငံတစ်ချို့မှာ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွက် စိုးရိမ်မှုတွေ မြင့်တက်လာရပြီးနောက် အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ပြင်သစ်မှာ ကျောင်းဆရာတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရတာကြောင့် ပြင်သစ်က ဒေသနယ်မြေတွေအတွင်းမှာ လုံခြုံရေးတပ်သား ၇၀၀၀ ကျော်ကို တပ်ဖြန့်ထားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ် သတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားတဲ့ တိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းမှာတော့ လိမ္မော်ရောင် အင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ လမ်းဆုံခွတစ်ခုမှာ ရပ်နေပြီး ရိုင်ဖယ်သေနတ်တစ်လက်ကို လက်က ကိုင်ထားကာ ပထမအကြိမ်အနေနဲ့ နှစ်ချက် ပစ်ခတ်ပြီး၊ နောက်ထပ် သုံးချက်၊ ပြီးနောက် အဆောက်အအုံတစ်ခုထဲ ဝင်ပြေးပြီး နောက်ထပ် သေနတ်နှစ်ချက် ထပ်ပစ်ခဲ့တယ်လို့ တွေ့ရပါတယ်။ နောက်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်ကာ နောက်တစ်ကြိမ် ထပ်မံ ပစ်ခတ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အဲဒီသေနတ်သမားဟာ ဆွီဒင်နိုင်ငံသားတွေကို မပစ်သတ်ခင် အလ္လာရ်ဟူ အက္ကဘာ(Allahu Akbar)ဆိုပြီး အော်ပြောခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ဘယ်လ်ဂျီယမ်သတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။

အင်တာနက်ပေါ် ပျံ့နှံ့လာတဲ့ ဝန်ခံချက် ဗီဒီယိုထဲမှာတော့ သူက “အလ္လာရ်ဟူရ် အက္ကဘာ(အစ္စလာမ္စစ် နှုတ်ခွန်းဆက်စကား)၊ ငါ့နာမည်က Abdesalem Al Guilani အဘ်ဒီဆာလန် အယ်လ် ဂူလာနီပါ။ အလ္လာရ်ရှင်မြတ်ရဲ့ တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပါတယ်။ ငါတို့က ငါတို့ကို ချစ်တဲ့သူတွေကို ပြန်ချစ်ပြီး ငါတို့ကို မုန်းတဲ့သူတွေကိုတော့ ငါတို့ မုန်းပါတယ်။ ငါတို့ဟာ ဘာသာတရားအတွက် ရှင်သန်နေတာ ဖြစ်ပြီး ဒီဘာသာအတွက်ပဲ ငါတို့ အသက်ကို စတေးခံကြပါတယ်။ မူစလင်ညီအစ်ကိုတွေအတွက် လက်စားချေလိုက်ပါပြီ။ ဆွီဒင်လူမျိုး သုံးဦးကို ငါ သတ်လိုက်ပါတယ်။ ငါအမှားလုပ်မိတဲ့ သူတွေရှိရင် ငါ့ကိုခွင့်လွှတ်ပါ။ ငါကတော့ အကုန်လုံးကို ခွင့်လွှတ်ပါတယ်။ Salam Aleykoum” ဆိုပြီး ပြောကြားခဲ့တာပါ။

ပြင်သစ်ကတော့ အဆိုပါ တိုက်ခိုက်မှုအပြီးမှာ ပြင်သစ်-ဘယ်လ်ဂျီယမ် နယ်စပ်ကို အစောင့်အကြပ် သေချာချထားပါတယ်။

ဘယ်လ်ဂျီယမ်ရဲ့ အကြမ်းဖက်မှုနဲ့ အကျပ်အတည်း တုံ့ပြန်ရေး စင်တာတွေကတော့ ပြည်သူတွေကို ဘရက်ဆဲလ်မြို့အတွင်း မလိုအပ်ရင် အပြင်ထွက်သွားလာတာမျိုး မပြုလုပ်ကြဖို့ သတိပေးချက် ထုတ်ထားပါတယ်။