ဘန်ဘွေ့အုပ်စု စစ်ရှောင်ပြည်သူများ ရေအရင်းမြစ်ရှားပါးမှု ကြုံတွေ့နေရ

Author မယ်ဘယ်ကိုး
Categories
Published on Feb 07, 2024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေ့ကျေးရွာအုပ်စုမှ စစ်ဘေးတိမ်းရှောင်ကြသည့် ပြည်သူများ ပွင့်လင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ သောက်သုံး‌ရေရှားပါးမှု ကြုံတွေ့နေရကြောင်း ယင်းမာပင်ခရိုင်၊ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးမှ CJ Platform သို့ ပြောသည်။

ဘန့်ဘွေ့စစ်ရှောင်ပြည်သူများအနေဖြင့် မိုးတွင်းကျရေကန်များကိုသာ ချွေတာ အသုံးပြု နေရပြီး ရေတူးဖော်ရန် မြေအနေအထား အဆင်မပြေမှုကြောင့် ရေရှားပါးမှုကြုံတွေ့နေရသည့်အပြင် ရေဝယ်ယူ ပို့ဆောင်ရန်အတွက် ဓာတ်ဆီဈေးနှုန်း ယခင်နှစ်ထက်ပိုများလာမှုတို့ကြောင့် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

“ မိုးတွင်းကျရေကန်မှာ ကျွဲတွေနွားတွေလည်းလာသောက်ကြတယ် ပွင့်လင်းရာသီလည်း ‌ရောက်လာတာကြောင့် ရေတွေကိုပိုပြီးညစ်ပတ်လာတယ် ဒါကြောင့်အရင်နှစ်လို ဝမ်းလျှော ဝမ်းပျက်ဖြစ်မှာစိုးရိမ်နေရတယ်” ဟု ယင်းမာပင်ခရိုင်၊ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦး မှပြောသည်။

 

တောထဲတွင် တဲထိုးကာနေထိုင်နေရသည့် စစ်ရှောင်အ‌ရေအတွက် ၁၅၀၀ ကျော်ခန့်ရှိနေပြီး စားဝတ်နေရေးအတွက် ပြည်သူအချင်းချင်းမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ ထောက်ပံ့မှုလည်း အားနည်းလာသည်ဟု ၎င်းကပြောသည်။

 

“ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ထိရောက်စွာမလုပ်နိုင်ဘူး CDM ပြုလုပ်တဲ့ ကျန်းမာရေး ဆရာမတွေကပဲ လာကြည့်ပေးတာပဲရှိပါတယ်” ဟု ယင်းမာပင်ခရိုင်၊ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦး မှ ထပ်မံပြောသည်။

 

ဘန့်ဘွေးကျေးရွာအုပ်စုမှ စစ်ရှောင်ကလေးများအတွက် ကြားကာလ ပညာရေးအဖြစ် ကျောင်းများဖွင့်ထားသော်လည်း ကျောင်းသားမိဘများအနေဖြင့် ကျောင်းထားရန် ငွေကြေးမတက်နိုင်သည့် အခက်အခဲများလည်း ရှိနေကြောင်း သိရပြီး သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန်မှာလည်း ထိုစစ်ရှောင်စခန်းများအနီးနားတွင် ပျူ(ပြည်သူ့စစ်)နှင့်စစ်ကောင်တပ် စခန်းများရှိသောကြောင့် လုံခြုံရေးအရ စိုးရိမ်နေရကြောင်းနှင့် ဇန်နဝါရီလ ၃၀ ရက်နေ့က ဝက်စာသွားယူသည့် စစ်ရှောင်ပြည်သူတစ်ဦးအား ပျူ(ပြည်သူ့စစ်)နှင့် စစ်ကောင်စီတပ်မှ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

 

ဓာတ်ပုံ – ပေးပို့