ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်းအထိရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံနေရာအနှံ့မိုးကြီးနိုင်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအထိရောက်ရှိနိုင် ပြီး၊ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးကြီးနိုင် ကြောင်း မိုးဇလ၏ ယနေ့ ထုတ်ပြန်ချက်အရသိရသည်။

မုန်တိုင်းငယ်သည် ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၄၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၅၀ခန့်၊ သံတွဲမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၆၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့၏ အနောက် မြောက်ဘက် ရေမိုင် ၁၄၀ ခန့်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၅၂၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေကြောင်းသိရသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသော်လည်း မုန်တိုင်းအရှိန်ကြောင့် ယနေ့မှ စတင်ကာ အောက်တိုဘာ ၂၆ရက်ထိ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်တိုက တွင်နေရာစိပ်စိပ်မှ နေရာအနှံအပြားနှင့် နေပြည်တော်၊ မန္တလေး၊ ရှမ်း၊ ကယား၊ ကရင်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် တစ်နာရီလျှင် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ပြီး၊ လှိုင်းအမြင့်သည့် ၉ပေမှ ၁၃ ပေခန့်အထိ ရှိနိုင်သည်။

အဆိုပါ မုန်တိုင်းငယ်သည် အောက်တိုဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ်ပြောင်းလဲပြီး၊ အောက်တိုဘာ ၂၄ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၅ရက်တွင် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်၀င်ရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးမှ ဆုတ်ခွာခဲ့ပြီဖြစ်သော်လည်း မုန်တိုင်းကြောင့် ဆက်လက်မိုးရနေမည်ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများအနက် မိုးကြိုကာလနှင့် မိုးလွန်ကာလတွင်ဖြစ်ပွားသည့် မုန်တိုင်းများသည် မြန်မာနိုင်ငံသို့ အများဆုံး၀င်ရောက်ဖူးသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
#မိုးလေဝသသတင်း #မုန်တိုင်းငယ်