ဗိုလ်မှူးကြီး ရာထူးတိုးပြီးရက်ပိုင်းအတွင်း ဒရုန်းဖြင့် ဗုံးချခံရပြီး သေဆုံးခဲ့ရသည့် ချောင်းနှစ်ခွစခန်း တပ်ရင်းမှူး

Author မင်းထက်
Categories
Published on Nov 29, 2023

စစ်ကောင်စီက ဒုတိယ ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးကြီးရာထူးအဖြစ်သို့ ရာထူးတိုးမြှင့်ခံရပြီး ရက်ပိုင်းအတွင်း တပ်ရင်းမှူး မျိုးကိုကိုဝင်းသည် ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ရကြောင်း ယင်းစစ်ဆင်ရေးကိုဖော်ဆောင်ခဲ့သည့် Cloud Wings ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်ခန့်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းတွင် တာဝန်ကျနေသော ခမရ-၃၅၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်းသည် တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းဗုံးသီး ၅ လုံးကြဲချခဲ့ရာ ဗုံးထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က သတင်းပေးပို့မှုကို Cloud Wings အဖွဲ့ထံမှ သတင်းပေးပို့လာချက်အရ သိရသည်။

 

” တပ်ရင်းမှုးက ၅ နာရီ ၅ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ ဒရုန်းနှစ်စီးတက်တယ်။ ၁၀၇ က တစ်လုံးတစ်စီး၊ ၆၀ က လေးလုံးတစ်စီး၊ နှစ်စီးလုံး စခန်းထဲ ချတဲ့အချိန်မှာ ကျသွားတာလို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေဆီက တစ်ဆင့် ဘက်ပေါင်းစုံကနေအတည်ပြုထားပါတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုငြိမ်းက CJ Platform သို့ပြောသည်။

 

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဦးဆောင်သော တပ်ဖွဲ့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ယခုလလယ်ပိုင်းတွင် ချောင်းနှစ်ခွစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်း မကျစေရေး ကွပ်ကဲ တိုက်ခိုက်စေခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ တပ်ရင်းမှူး မျိုးကိုကိုဝင်းသည် ဗိုလ်မှူးကြီးရာထူးရခဲ့သော်လည်း ခံစားမသွားခဲ့ရဘဲ သေဆုံးခဲ့ရသည်။

 

ဒုဗိုလ်မှူးကြီးသည် စစ်ကောင်စီစခန်းမကျစေရေး စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သောကြောင့် စစ်ကောင်စီက  သီဟသူရဘွဲ့ချီးမြှင့်ပေးအပ်ပြီး ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ပေးခဲ့ကြောင်း ချောင်းနှစ်ခွရဲစခန်းနှင့် နီးစပ်ရာသတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။

 

” ချောင်းနှစ်ခွစခန်းကို တိုက်နေတာ ဒီနေ့နဲ့ဆို ၁၈ ရက်ရှိပြီ။ ချောင်းနှစ်ခွမှာက တံတားမှာ စခန်းတစ်ခု၊ ရဲစခန်းမှာတစ်ခု ၂ နေရာတပ်ဆွဲထားတာရှိတယ်။ တံတားက ကျသွားတယ်။ ရဲစခန်းက ခုထိတိုက်နေရတုန်းပါ။ စကစက ဒီစခန်းနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်စစ်ကူပို့တယ်။ ကြီးကြီးမားမားချေမှုန်းတာ သုံးကြိမ်ရှိပြီ။ စစ်ကူချေမှုန်းခံရတာ ၅၀ ပြုတ်(သေ)တာတစ်ခါ၊ မနေ့တနေ့က ၁၀ ကျော်တစ်ခါ၊ ကြားထဲမှာလည်း ပြုတ်(သေ)တာတွေရှိတယ်။ စစ်ကူတွေ လာတိုင်းချေမှုန်းခံရတာ။ အဲဒီကြားထဲက သူ့စခန်းမကျအောင် ခုခံခဲ့တော့ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတယ်ဆိုပြီး မဆုံးခင် ၁၁ လပိုင်းလလယ်လောက်က ဘွဲ့ကိုပေးခဲ့တာ။ ပြောချင်တာက သူ့ကို စိတ်ဓာတ်မြင့်တင်ပေးပြီး စကစက အသိမှတ်ပြုတယ်။ စစ်ကူပေးမယ်ဆိုပြီး အသေခံ တိုက်ဆိုတဲ့ပုံစံမျိုးပါပဲဗျ” ဟု  Cloud Wings တာဝန်ခံကိုငြိမ်းက ပြောသည်။

 

ခမရ-၃၅၈ တပ်သည် ယခုတပ်ရင်းမှူးသေဆုံးခဲ့သည့်အပြင် ဒုတပ်ရင်းမှူးဖြစ်သူလည်း ဆေးရုံတွင် ထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှုခံနေရကြောင်း သိရသည်။

 

Cloud Wings ဒရုန်းတပ်ဖွဲ့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးစီး ပူးပေါင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများနှင့်အတူ မွန်ပြည်နယ်အတွင်း တစ်လကျော်ကြာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။