ဗလာ ဒီမာ ပူတင် သို့မဟုတ် မပြိုင်မီနိုင်နှင့်သော သူ

Author လင်းနွေဦး
Categories
Published on Mar 19, 2024

ပြိုင်ဘက်မရှိဆိုသည်ထက် မပြိုင်မီကတည်းက နိုင်ပြီးသူတစ်ဦး ကမ္ဘာ့အလယ်တွင် ရှိနှင့်နေသည်။ သူက ရုရှားသမ္မတ ဗလာဒီမာ ပူတင်။

 

၂၀၀၀ ပြည့်နှစ်ကတည်းက ရုရှားနိုင်ငံကို အုပ်ချုပ်လာသည်မှာ ယခု ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက် ရွေးကောက်ပွဲအနိုင်ကြောင့် ငါးကြိမ်ဆက် သမ္မတအဖြစ် စံချိန်တင်သွားလေပြီ။

 

ရုရှားသမ္မတ ရွေးကောက်ပွဲကို ၆ နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ယင်းမှာ ၂၀၁၂ ခုနှစ် လွှတ်တော်တွင် ဥပဒေသစ် မပြဌာန်းမီအချိန်ထိသာဖြစ်သည်။ ယင်းမတိုင်မီ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများနည်းတူ လေးနှစ်တစ်ကြိမ်သာ ရွေးကောက်ပွဲကျင်းပလေ့ရှိခဲ့သည်။

 

ယခုနှစ် ရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့သည်။ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့တွင် မဲစာရင်းများကိုပိတ်သိမ်းကာ မတ်လ ၁၈ ရက် တနင်္လာနေ့ နံနက်အစောပိုင်းတွင် အပြီးသတ် မဲစာရင်းရေတွက်ခဲ့ကြသည်။

 

ရလဒ်ကတော့ အားလုံးမျှော်မှန်းထားသည့်အတိုင်းပင်။ ပူတင်သာ အပြတ်အသတ်အနိုင်ရခဲ့လေသည်။

 

ရုရှားရွေးကောက်ပွဲမစမီကပင် ယခုရွေးကောက်ပွဲတွင် ပူတင်သာ အနိုင်ရမည်ဟု အားလုံးက တွက်ဆပြီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းကို ပြိုင်မည့်အတိုက်အခံက အားမကောင်းပေ။ အားကောင်းသူကိုလည်း ထောင်သွင်းအကျဉ်းချပြီး သံသယဖြစ်ဖွယ်သေဆုံးခဲ့ရသည်။

 

ရွေးကောက်ပွဲမစခင် ပူတင်၏ မိန့်ခွန်းများထဲ “ကျွန်တော်တို့နိုင်ငံဟာ လက်ရှိနယ်ပယ်အသီးသီးမှာ ခက်ခဲတဲ့အချိန်ကာလတွေကို ရင်ဆိုင်ကျော်ဖြတ်နေရတယ်ဆိုတာကို အားလုံးနားလည်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါကို ဂုဏ်သိက္ခာရှိရှိ တုံ့ပြန်ပြီး အခက်အခဲအားလုံးကို ဖြတ်ကျော်နိုင်ဖို့ အားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှုတွေရှိနေဖို့လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။ ထိုမိန့်ခွန်းကို ပူတင်က ရွေးကောက်ပွဲမဲပေးမှုကာလအတွင်း ထပ်တလဲလဲအသုံးပြုခဲ့သည်။

 

သူ့ကို ထောက်ခံသည့် လူငယ်များကလည်း “ပူတင်ဟာ ရုရှားရဲ့ အောင်နိုင်မှုဖြစ်တယ်” ဟု လည်းကောင်း၊ “ငါတို့ဟာ တစ်သားတည်းဖြစ်ပြီး ရုရှားနိုင်ငံသားတိုင်းဟာ မဲပေးဖို့လာရောက်ရမယ်” ဟု စာတန်းများ ရေးထိုးထားသည့် အင်္ကျီများဝတ်ဆင်ကာ လူထုစေ့ဆော်မှုများကို ပြုလုပ်ခဲ့ကြသည်။

 

သို့သော် အကန့်အသတ်အလွန်များသည့်ကြားက ကန့်ကွက်သူများကလည်း ရအောင်ကန့်ကွက်မှုကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မဲရုံအတွင်း ဆန္ဒမဲပုံးများကို မီးရှို့ခြင်း၊ ဆန္ဒမဲပုံးများအတွင်းသို့ မှင်များလောင်းထည့်ခြင်း၊ မဲရုံကို မီးပုလင်းများဖြင့် တိုက်ခိုက်ခြင်း စသည်တို့ကို နိုင်ငံအနှံ့က မဲရုံများတွင် ပူတင်ဆန့်ကျင်သူများက လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ကို ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့သည်ကို အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသော ရုပ်သံများအတွင်း တွေ့မြင်ရသည်။

 

ပူတင်၏ ငါးဆက်မြောက်သမ္မတသက်တမ်းရယူနိုင်မည့် ရွေးကောက်ပွဲကာလမတိုင်ခင် လွန်ခဲ့သည့်တစ်လကျော် ဖေဖော်ဝါရီ ၁၆ ရက်နေ့ သောကြာနေ့က ရုရှားနိုင်ငံ၏ အဓိက အတိုက်အခံခေါင်းဆောင် အလက်ဇေ နာဗယ်ညီ(Alexei Navalny)သည် ထောင်တွင်းမှာ လမ်းလျှောက်နေရင်း အငြင်းပွားဖွယ်သေဆုံးခဲ့ရသည်။

 

သူသေဆုံးမှုနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံရေးလောကနှင့် အနောက်နိုင်ငံခေါင်းဆောင်များကြား မေးခွန်းထုတ်အငြင်းပွားမှုများဖြစ်ခဲ့ရသည်။ အချို့က ‘ပူတင်က ပြိုင်ဘက်ကောင်းကို ရှင်းထုတ်လိုက်ပြီ’ ဟု ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ကြသည်။

 

အစွန်းရောက်ဝါဒဖြန့်သူအဖြစ် မော်စကိုအစိုးရရဲ့ စွပ်စွဲခြင်းခံခဲ့ရသော နာမည်ကျော် အတိုက်အခံခေါင်းဆောင်သည် ၂၀၂၀ ပြည့်နှစ်အတွင်းက ဆိုက်ဘေးရီးယားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း စစ်တပ်သုံးအဆင့်ရှိ အာရုံကြောထိခိုက်စေသည့် အဆိပ်မိခဲ့၍ ဂျာမနီနိုင်ငံတွင် ဆေးကုသမှုခံယူခဲ့ရသည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံသို့ပြန်လာစဉ် နိုင်ငံအဝင်တွင်ပင် ရုရှားအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံခဲ့ရကာ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရသည်။

 

နာဗယ်ညီ၏ ဇနီးဖြစ်သူက ယခုကျင်းပသော ရုရှားသမ္မတရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် သပိတ်မှောက်ရန်နှင့် အနောက်နိုင်ငံများအနေဖြင့် အသိအမှတ်မပြုရေး တောင်းဆိုထားသည်။

 

ဥရောပကောင်စီ(EU)ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်က “ဗလာဒီမာပူတင် ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရတဲ့အတွက် ဂုဏ်ယူတယ်” ဟု ရုရှားသမ္မရွေးကောက်ပွဲများမစတင်မီ ၎င်း၏ X(ယခင် Twitter)လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အတိုက်အခံ မပါ၊ လွတ်လပ်မှု မရှိ၊ ရွေးချယ်စရာ မပေးထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ လှောင်ပြောင်သရော်ခဲ့သည်။

 

နိုင်ငံတစ်ခု၏ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ခြင်းခံရသည့် သမ္မတသစ်တစ်ဦးတက်လာတိုင်း ဂုဏ်ပြလေ့ရှိသော အမေရိကန်၊ ဗြိတိန်(UK) စသည့်အင်အားကြီးနိုင်ငံများအပါအဝင် အနောက်နိုင်ငံတော်တော်များများမှ သမ္မတ ပူတင်အပေါ် ဂုဏ်ပြုစကားမဆိုဘဲ မသိကျိုးကျွံပြုခဲ့ကြသည်။

 

သို့သော် ပူတင်ကဲ့သို့ နိုင်ငံ့အာဏာကို နှစ်ရှည်ရယူထားသည့်(ဆက်လက်ရယူရန်ကြံစည်နေသည့်)သမ္မတ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံကမူ ဂုဏ်ပြုစကားဆိုခဲ့သည်။

 

ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ်မှစတင်၍ နယ်မြေချင်းထိစပ်နေသည့် ယူကရိန်းနိုင်ငံအပေါ်သို့ ပေါ်ပေါ်ထင်ထင် ကျူးကျော်စစ်ဆင်နွှဲနေသည်။ ယူကရိန်းနိုင်ငံ နယ်မြေ သုံးပုံ တစ်ပုံကျော်ကို ရုရှားက သာလွန်အင်အားဖြင့် စိုးမိုးချုပ်ကိုင်ထားပြီး အင်အားကြီးမားမှုကိုအသုံးပြု၍ ကုလသမဂ္ဂနှင့် ဥရောပကောင်စီ စသည်နိုင်ငံကြီးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးများကိုပင် အရေးမစိုက်ဘဲ ယူကရိန်းနိုင်ငံပေါ်သို့ စစ်ရေးဖော်ဆောင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

 

ယခုရွေးကောက်ပွဲတွင် ပူတင်သာ အပြတ်အလတ်ဆက်လက်အနိုင်ရခဲ့သည့်အတွက် ယူကရိန်းအရေး ရတတ်မအေးရသကဲ့သို့ မိတ်ဖက်များဖြစ်သော တစ်ပါတီစနစ်နှင့် အာဏာရှင်စနစ်ကျင့်သုံးသည့် တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ပူးပေါင်းနိုင်ခြေအလားအလာကြောင့် ကမ္ဘာကြီးလည်း ရတတ်မအေးရသဖွယ်။