ဗမာပြည်နယ်ဖွဲ့ရန် စစ်ကောင်စီအား SSPPတောင်းဆို

Author CJ Platform
Categories
Published on Sep 27, 2022

အကြမ်းဖက်စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်  SSPPက ဗမာပြည်နယ်ဖွဲ့ရန် စစ်ကောင်စီကို တောင်းဆိုခဲ့ကြောင်း SSPP Infoက ထုတ်ပြန်ထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ ၊ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့နှင့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ စက်တင်ဘာ ၂၆ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး SSPPက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ပင်လုံစာချုပ်၊ ပင်လုံမှု၊ ပင်လုံကတိကဝတ်တို့ကို အကောင်အထည်ဖော်ရမည်ဟု တောင်းဆိုချက်အပြင် အမျိုးသားတန်းတူရေးကို ဖော်ဆော်နိုင်ရန် ဗမာပြည်နယ်ကို ဖွဲ့စည်းရမည်ဆိုသည့်အချက်ကိုပါ SSPPက ထည့်သွင်းတောင်းဆိုခဲ့သည်။

ထို့ပြင် ဖက်ဒရယ်ဒိမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စုပေါင်းခေါင်းဆောင်မှုနှင့် အချုပ်အခြာအာဏာသည်ပြည်သူထံမှဆင်းသက်ခြင်းအစရှိသည့် အချက်ကိုးချက်ဖြင့် စစ်ကောင်စီကိုဆွေးနွေးခဲ့ကြောင်း SSPP Infoကထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်ကောင်စီနှင့်တွေ့ဆုံခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု SSPPကဆိုထားပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EROs)အနေဖြင့် စစ်ကောင်စီ၏အတု အယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုမတက်ရောက်ရန် အရပ်ဖက်လူထုအဖွဲ့အစည်း ၅၆၇ဖွဲ့က တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များသို့ ယနေ့ စက်တင်ဘာ ၂၆ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

#ဗမာပြည်နယ် #စစ်ကောင်စီ #SSPP #အတုအယောင်ငြိမ်းချမ်းရေး #ဖက်ဒရယ်