ဖြူးရှိ ညောင်ပင်သာရဲစခန်းကို သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၃၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

Author လင်းနွေဦး
Categories
Published on Dec 13, 2023

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် ညောင်ပင်သာ ရဲစခန်းကို ယနေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း Royal Peacock Column( တော်ဝင်ဒေါင်း)စစ်ကြောင်းက ထုတ်ပြန်သည်။

ထိုရဲစခန်းကို ကရင်အမျိုးသားများလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ဒီဇင်ဘာ ၁၃ ရက် နံနက်(၄)နာရီ (၁၅)မိနစ်ခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄၅)မိနစ် အကြာ နံနက် (၅)နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ဒေါင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အင်အား (၆၀)ခန့်ရှိသည့်အနက် (၃၀)ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေး မဟာမိတ်များဘက်က အထိအခိုက်အကျအဆုံး မရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းနိုင်ခဲ့သည်ဟု တော်ဝင်ဒေါင်းက ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ညောင်ပင်သာရဲစခန်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့် ၆၀ မမ ဗုံးသီး ၂၇ ခု၊ G2 ၁ လက်၊ G3 ၂ လက်၊ ပြောင်းချော ၄ လက်၊ BA 94 ၂ ခု၊ MA-13 ၁ လက်၊ Tear Gas Gun ၂ ခု၊ လက်ပစ်ဗုံး  ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁ လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး၊ ကျည်ကာ ၂ ခု၊ ဦးထုပ် ၅ လုံး၊ G3 ကျည်ဘောက် ၆ ခုနှင့် ၉ လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ယခုညောင်ပင်သာ စခန်းသိမ်းစစ်ဆင်ရေးကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ ဗမာ့ပြည်သူ လွတ်မြောက်ရေးတပ်မတော် (BPLA )၊ ရိုးမစစ်ကြောင်း (၁)၊ အာဠာဝက စစ်ကြောင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

 

ဓာတ်ပုံ- တော်ဝင်ဒေါင်းစစ်ကြောင်း