ဖြူးမြို့အတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ကာ နေအိမ်ခြောက်လုံး ပျက်စီး

Author လင်းနွေဦး
Categories
Published on Nov 30, 2023

ကရင်အမျိုးသားအစည်းအရုံး (K.N.U) အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် ၊ မူး(မုန်း)မြို့နယ်၊ ဖြူးမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် ခြောက်လုံး ဗုံးထိမှန်ကာ ပျက်စီးခဲ့ရကြောင်း KNU မှထုတ်ပြန်သည်။

နိုဝင်ဘာ (၂၈)ရက်​နေ့ ည (၉)နာရီ မိနစ်(၄၀)အချိန်တွင် စစ်ကောင်စီ လေကြောင်းတပ်များမှ ဖြူးမြို့အတွင်းရှိ ဘန်းလောင်းကျေးရွာပေါ်သို့ ဗုံးများကြဲချ တိုက်ခိုက်ခဲ့ပြီးရာ  လေကြောင်းတိုက်ခိုက်မှု မပြုမီကျေးရွာနေ ပြည်သူလူထုမှာအချိန်မှီ တိမ်းရှောင်နိုင်ခဲ့သဖြင့် ပြည်သူတစ်ဦးသာ ဗုံးစ ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ မှ KNU အုပ်ချုပ်မှုနယ်မြေများအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတို့အား နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိကြောင်း K.N.U ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

နိုဝင်ဘာလ (၁)ရက်နေ့မှ ယနေ့အချိန်ထိ တရားဝင်ထုတ်ပြန်ထားသော စာရင်းမှတ်တမ်းအရ KNU အုပ်ချုပ်မှုနယ်မြေများ အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၉)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁၇)ဦး သေဆုံးပြီး နေအိမ် (၆၄) လုံး ထိခိုက်ပျက်စီးခဲ့ရသည်။