ဖောင်းကတာကျေးရွာနှင့် ကိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို PDF များတိုက်ခိုက် စစ်ကောင်စီတပ်မှ ၁၀ ဦးခန့်သေဆုံး

Author လင်းခိုင်
Categories
Published on Jan 14, 2023

 

ဖောင်းကတာကျေးရွာနှင့် ကိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို PDF များက တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း Monywa Lighting PDF မှ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ Do Pauk က CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဖောင်းကတာ ကျေးရွာ၊ ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်အား မုံရွာခရိုင် တပ်ရင်း ၇ မှ ဦးဆောင်ပြီး၊ Monywa The Boy (မုံရွာခရိုင် တပ်ရင်း ၄) မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရွာကို မီးရှို့ဖျက်ဆီးနေတဲ့ ခွေးအင်အား ၇၀ လောက်ကို ကျွန်တော်တို့ အဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာ၊ မျက်မြင်တွေ့တာတင် အဲ့ကောင်တွေ ဆယ်ဦးလောက်သေတယ်။ မြေပြင်တိုက်ပွဲ အခြေအနေအရ ဒီကောင်တွေရဲ့ လက်နက်ကိုတော့ မသိမ်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ရဲဘော်တစ်ယောက်တော့ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်” ဟု Do Pauk က ပြောကြားသည်။

ထို့ကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သည် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲ့ခွေးတွေက တစ်ရွာလုံးနီးပါးကို မီးရှို့ထားတာ၊ ပြည်သူတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ဆားလင်းကြီးမှာ အခြား PDF တပ်ဖွဲ့တွေကလည်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတာ၊ တိုက်ပွဲတွေကတော့ တောက်လျှောက် ဖြစ်နေတယ်” ဟု Do Pauk က ဆိုသည်။

ဖောင်းကတာကျေးရွာနှင့် ကိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF များက ၄၀ မမများ၊ လက်နက်ငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- Monywa Lighting PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဆားလင်းကြီး #ဖောင်းတကာကျေးရွာ #ကိုင်းကျေးရွာ