ဖုန်း SIM card တွေ စိတ်ချရသလား? Social media အကောင့်တွေမှာ ဖုန်းနံပါတ်တွေ ထည့်ထားသင့်သလား ?

Author CJ-001
Categories
Published on Oct 01, 2022

မြန်မာစစ်တပ်မှ အာဏာသိမ်း တစ်နှစ်ကျော်တွင် နိုင်ငံတကာတွင် ဂုဏ်သိက္ခာရှိသည့် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောကုမ္ပဏီမှာ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့သည်။

မရှေးမနှောင်းဆိုသလိုပင် အော်ရီဒူးကုမ္ပဏီသည်လည်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများကို ရောင်းချခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း အားလုံး သည် အစိုးရမှ တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည့် MPT၊ စစ်ကောင်စီပိုင် MyTelနှင့် စစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် အတံ၊ အော်ရီဒူး (ရောင်းချပြီး) တို့သာ ကျန်ရှိခဲ့သည်။

ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေအရ SIM card အသုံးပြုသူများ၏ အချက်အလက်များအား ၃နှစ်အထိ သိမ်းဆည်းထားရန် သဘောတူညီထားရသည်။ စစ်ကောင်စီမှ ယင်းမှတ်တမ်းများအား အချိန်မရွေးတောင်းယူကြည့်ရှု့နိုင်သည်။

ထို့အပြင် SIM card များ အတုပြုလုပ်ခြင်းနှင့် SIM card ပွားခြင်းများကို စစ်ကောင်စီအနေဖြင့် လုပ်ဆောင်လာနိုင်သည်ဟု နွေဦးလုံခြုံရေးမှ သတိပေးထားသည်။

ယင်းသို့ SIM card အပွားခံရပါက အသုံးပြုသူများအနေဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ မိမိအသုံးပြုနေသည့် Signai , Telegram, Whatsappများ ဖောက်ထွင်းကြည့်ရှု့ခံရခြင်း၊ Email , Facebook စသည်တို့တွင် မိမိဖုန်းနံပါတ်ကို အသုံးပြုကာ ဖောက်ထွင်းရယူခြင်းများကို လုပ်ဆောင်ခံရနိုင်သည်။

ထို့ကြောင့် မြန်မာပြည်တွင်း SIM card အသုံးပြုသူများအနေဖြင့် Email, Facebook စသည်တို့တွင် မိမိဖုန်းနံပါတ်များ ထည့်သွင်းကာ Two Factor Authentication ထားကာ အသုံးပြုခြင်းကို မလုပ်ဆောင်သင့်ဘဲ Authentication APK များကို အစားထိုး အသုံးပြုသင့်သည်။

ထို့အပြင် Signal အကောင့်များအတွက် registration lock ပြုလုပ်ထားရန် PIN no ထားရှိရန် Signal တွင် safety number ပြောင်းလဲပါက မိမိနှင့် ဆက်သွယ်သူအား စစ်မှန်ကြောင်း အတည်ပြုရန်၊ အမည်ပေါက်ဖုန်းနံပါတ်များဖြင့် ဖွင့်လှစ်ထားသည့် signal နှင့် Telegram အကောင့်များအား နံပါတ်ပြောင်းလဲဖွင့်လှစ်ကာ ဖုန်းနံပါတ်များ ဖျောက်ထားရန် နွေဦးလုံခြုံရေးမှ တိုက်တွန်းထားသည်။
Credit- နွေဦးလုံခြုံရေး
Photo – Thadin