ဖုန်းဆင်းကတ်များ ပြန်လည်မှတ်ပုံတင်ရန် ATOM မှ အကြောင်းကြားထားပြီး အချက်အလက်မမှန်ကန်ပါက ဆင်းကတ်ကို ပိတ်သိမ်းမည်ဟုဆို

Author ခေတ်နီ
Categories
Published on Nov 16, 2022

ဖုန်းဆင်းမ်ကတ်များ ပြန်လည် မှတ်ပုံတင်ရန် ATOM မှ အကြောင်းကြားထားပြီး အချက်အလက် မမှန်ကန်ပါက ဆင်းမ်ကတ် ပိတ်သိမ်းခြင်း ဆောင်ရွက်မည်ဟု ယင်းဆင်းကတ် အသုံးပြုနေသူများထံမှ သိရသည်။

ATOM ဖုန်းဆင်းမ်ကတ်များကို ပြန်လည် မှတ်ပုံတင်ရန် ဖုန်းမက်ဆေ့မှ တဆင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသုံးပြုသူများထံ အကြောင်းကြားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ATOM ဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး သုံးစွဲသူများ၏ ကိုယ်ရေး အချက်အလက်အပြည့်အစုံကို ပြန်လည်မှတ်ပုံတင်ရန် သုံးစွဲသူများကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“အခု သူတို့ဘက်ကနေ Sim Registration Data တွေစုနိုင်ဖို့ Data base ကိုဆောက်ဖို့ကြိုးစားနေတာပေါ့၊ ဒါက ပြည်ထဲရေးကနေရမယ့် အချက်အလက်တွေပေါ့၊ ဥပမာ မှတ်ပုံတင် သန်းခေါင်စာရင်းတို့၊ ဘာတို့တွေလေ၊ သူတို့စောင့်ကြည့်နေတဲ့ သူတွေရဲ့ လုံခြုံရေးကို ချိုးဖောက်နိုင်တယ်” ဟု မြန်မာ့ ဒီဂျစ်တယ်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် မဝေဖြိုးမြင့်က သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ ဖုန်းဆင်းမ်ကတ်များ ပြန်လည် မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းသည် အသုံးပြုသူများသည် လုံခြုံရေးကို ထိခိုက်လာနိုင်ပြီး စစ်တပ်၏ စောင့်ကြည့်ရေး ယန္တရားတစ်ခုဖြစ်လာနိုင်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“ဆက်သွယ်ရေးကုမ္ပဏီတွေက အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အကာအကွယ်ပေးနိုင်ဖို့ ဆိုပေမယ့် အခုကြစစ်တပ်က သူတို့ရဲ့ စောင့်ကြည့်ရေးယန္တရားအတွက် အသုံးပြုလာတာ၊ ရေရှည်မှာ အရမ်းအန္တရာယ်များတယ်။ လူသိန်းနဲ့ချီပြီး ဆက်သွယ်ရေး ပြတ်တောက်သွားနိုင်တဲ့အထိ ဖြစ်နိုင်တယ်” ဟု မဝေဖြိုးမြင့်က ပြောကြားသည်။

ပြန်လည်မှတ်ပုံတင်သည့် ဆင်းမ်ကတ်များကိုလည်း စစ်ကောင်စီလက်အောက်ရှိ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာနတွင်ရှိသည့် အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးကာ မမှန်ကန်ပါက ပိတ်သိမ်းမည်ဖြစ်ကြောင်း ATOM ဆင်းမ်ကတ် အသုံးပြုသူများထံသို့ အကြောင်းကြားသည့် စာတွင်ပါရှိသည်။

ယခင် နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းစု၏ တယ်လီနော-မြန်မာကို M1 Group က ၀ယ်ယူပြီးခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပတ်သက်သည့်ဆက်နွယ်သည့် ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံသို့ ပြန်လည်ရောင်းချပြီးနောက် ATOM ဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများမှ ကြားဖြတ်ဖမ်းယူနိုင်သည့် နည်းပညာ တပ်ဆင်ရန် စေခိုင်းမှုများရှိနေကာ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အသုံးပြုသူတစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရေးအချက်အလက်များ ပေါက်ကြားနိုင်သဖြင့် သတိထားရန် နည်းပညာကျွမ်းကျင်သူများမှ ထောက်ပြပြောဆိုမှုများရှိသည်။
ဓာတ်ပုံ- ATOM
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ATOM #တယ်လီနော #ဖုန်းဆင်းမ်ကဒ် #မှတ်ပုံတင်