ဖားအံက ရွာများကို စေတီသိမ်တင်ရန်ဟုဆိုကာ BGF ငွေညှစ်၊ ကျေးရွာ ၂၀ ကျော်မှ ကျပ်သိန်း ၂၀၀ နီးပါး အဓမ္မယူဆောင်သွားဟု KNU ဆို

Author လင်းနွေဦး
Categories
Published on Nov 09, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ဒူးသထူ(သထုံ)ခရိုင်၊ တပ်မဟာ(၁)ဖားအံမြို့နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင်တပ်ဖွဲ့(BGF)အဖွဲ့က စေတီသိမ်တင်ရန်ဟုဆိုကာ ငွေညှစ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၃) ရက်နေ့ နံနက် (၉) နာရီခန့်တွင် BGF-1014 တပ်ရင်း၏ မိတ္ထီလာတပ်ခွဲမှူး ဗိုလ်တင်ဝင်းက အနီးရှိ ဝဲပျံကျေးနယ်နှင့် တကောင်ဘိုးကျေးနယ်ရှိ ရွာလူကြီးများကို မိတ္ထီလာစခန်းတွင် လာတွေ့စေကာ ပြည်သူပိုင်ပိုက်ဆံများကို အတင်းအဓမ္မ တောင်းရမ်းရယူခဲ့ကြောင်း KNU က ဆိုသည်။

BGF တပ်ခွဲမှူး ဗိုလ်တင်ဝင်းက ၎င်းတို့၏ စခန်းတွင်းရှိ စေတီသိမ်တင်ရန်အတွက်ဟုဆိုကာ ဖားအံမြို့ ရွာ ၂၄ ခုမှ ငွေကျပ် ၁၉၄ သိန်းကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို KNU က ပြန်လည်ထုတ်ပြန်သည်။

” ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲနေတဲ့အပြင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေရပြီး သူတို့(BGF)တွေရဲ့ မတရားဖိနှိပ်၊ နိုင်ထက်စီးနင်း ငွေကြေးတောင်းရမ်းမှုများကို မကြာခဏခံနေရတယ်” ဟု K.N.U ဖားအံမြို့နယ် သတင်းတာဝန်ခံက K.N.U သတင်းအဖွဲ့ချုပ်သို့ ပြောကြားခဲ့သည်။

တောင်းရမ်းခံရသော ကျေးရွာနှင့် ငွေကြေးပမာဏများမှာ ဝဲပျံ၊ ပေပင်ဆိပ်၊ မီးဇိုင်း၊ ဖားဘော်၊ တုတ်ကြီး၊ တကောင်ဘိုး၊ ကုန်းတန်းကြီး၊ ဘောသပြုတို့မှ ကျပ် (၁၃)သိန်းစီ၊ နိုးကွားရွာမှ ကျပ် (၁၀)သိန််း၊ ဝဲပျံချောင်းဝ၊ မီးပုံးနှင့် ဂျိုးပင်ဆိပ်ရွာတို့ ကျပ် (၇)သိန််းစီ၊ နော်သရွေး၊ မဲလံနှင့် မြိုင်ရွာတို့မှ ကျပ် ၆ သိန်းစီ၊ ထီးဖိုးနက်၊ လာခဲ့ခေါ့၊ စိမ့်ချောင်းရွာ၊ လက်ပံတန်း၊ ဘုရားဆိပ်၊ မိတ္ထီလာရွာနှင့် မီးဇိုင်းတောင်ခြေရွာတို့မှ ကျပ် (၅)သိန််းစီ၊ မဲလံချောင်းဝရွာမှ ကျပ် (၄)သိန််းနှင့် ကွီးသခေါ့ရွာမှခကျပ် (၂)သိန််း တို့ဖြင် စုစုပေါင်း ကျပ် ၁၉၄ သိန်းကို BGF 1014 က အဓမ္မယူဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီ(ယခင်စစ်တပ်)လက်အောက်ခံ ကရင်ပြည်နယ်၌အခြေစိုက်သော Border Guard Force(BGF)လက်နက်ကိုင်အဖွဲ့အစည်းကို ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် တပ်ရင်း (၁၃)ရင်းဖြင့် စတင်ဖွဲ့စည်းခဲဲ့ပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အဖွဲ့အစည်းဖြစ်သည်။