ဖားဆောင်းကို စစ်အုပ်စု ဗုံးကြဲလို့ ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရ

Author CJ Platform
Categories
Published on Aug 09, 2025

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်မှာ ရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းကို မနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဆီက သိရပါတယ်။

 

စစ်အုပ်စုက Y-12 လေယာဉ်ကို အသုံးပြုကာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် ယောက်ျားလေး ၂ ယောက်နဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

“သူတို့ပြောတာ စာမေးပွဲစစ်နေတဲ့အချိန်မှာ ဗုံးကြဲခံရတာလို့ သိရပါတယ်။ လောလောဆယ်ကတော့ ပေါင်မှာ ထိခိုက်တဲ့ သားလေးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ကျန် ၂ ယောက်ကတော့ လက်နဲ့ နည်းနည်းပါးပါးပဲ ထိတာဆိုတော့ အဆင်ပြေတယ်” လို့ IEC အတွင်းရေးမှူး ဦးဗညားခွန်အောင်က CJ Platform ကို ပြောပါတယ်။

 

ယခု ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဟာ စစ်ဘေးရှောင် ကလေးတွေအပါအဝင် ကလေးငယ် ၁၀၇ ဦးခန့် ပညာသင်ကြားနေတဲ့ အခြေခံစာသင်ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုဟာ ကရင်နီပြည်မှာ ရှိတဲ့ ဒီးမော့ဆိုနဲ့ ဖားဆောင်းမြို့တို့ကို အခုရက်ပိုင်းအတွင်း လေကြောင်းရော၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါသေးတယ်။

 

ကရင်နီပြည် မော်ချီးဒေသကိုလည်း စစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပေါ် တည့်တည့်ကျကာ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ ၅ ဦးခန့် သေဆုံးခဲ့ရပါတယ်။

 

ကရင်နီပြည်မှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ တစ်လအတွင်း စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ရပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ-CTER Karenni

 

 

Related News

Depend on news