ဖားကန့် နမ့်မှော်ကျေးရွာတွင် ကျောက်လုပ်ကွက်ဟောင်း ပြိုကျ၍ ရေမဆေးသမား လေးဦး သေဆုံး

Author ကိုပေါက်
Categories
Published on Jan 30, 2023

ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအနီးတွင် ယနေ့ နံနက်ကိုးနာရီဝန်းကျင်က ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခု ကမ်းပါးပြိုကျရာမှ ရေမဆေးသမား ကျောက်ရှာသူလေးဦး သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ရေမဆေးသမား ကျောက်ရှာသူလေးဦးမှာ ယနေ့နံနက် ကိုးနာရီဝန်းကျင်က လုပ်ကွက်ဟောင်း‌အတွင်း ကျင်းတူးနေစဥ် ကမ်းပါးပြို၍ သေဆုံးခဲ့တာဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အဲဗားကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှာ ၄ ပေကျင်း သွားတူးရင်း ပေ တစ်ရာလောက်မြင့်တဲ့ ကမ်းပါးပြိုကျတာ အကုန်ပိပြီးသေသွားတယ် စိတ်မကောင်းဘူး”ဟု ပြောသည်။

ကမ်းပါးပြိုကျရာနေရာကို လူမှုရေးအသင်းများနှင့် ပရဟိတများအဖွဲ့ရောက်လာပြီး ကျေးရွာနေသူများနှင့်အတူ သေဆုံးသူလေးဦး၏ Dade Body များအား ရှာဖွေခဲ့ပြီး ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

လက်ရှိ အခြေအနေတွင် သေဆုံးသူလေးဦး၏ မိသားစုနှင့် ဆက်သွယ်နိူင်ရန် လူမှုကူညီရေးအသင်းများက လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ ညနေပိုင်းလည်း ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာ မြေစာပုံပြိုကျမူတွင် ရေမဆေးကျောက် ရှာသူတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာ ရရှိခဲ့သည်ဟုလည်း သိရသည်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက် မနက်ခြောက်နာရီက ဖားကန့်မြို့နယ် ဝှေခါမှော်၏ ကျောက်စိမ်းလုပ်ကွက်အတွင်း မြေစာပုံပြိုကျမှုတွင်လည်း ရေမဆေးကျောက်ရှာသူ ၁၇၀ ကျော် သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဖားကန့်မြို့ #နမ့်မှော်ကျေးရွာ #ကျောက်စိမ်းလုပ်ကွက် #ကမ်းပါးပြို