ဖာပွန်မြို့တွင်းကို KNLA တပ်ဖွဲ့များ ထိန်းချုပ်၊ မြို့ပြင်ရှိ ခလရ ၁၉ နှင့် ဗျူဟာကုန်းတို့သာ ကျန်ဟုဆို

Author လင်းနွေဦး
Categories
Published on Mar 28, 2024

ကရင်ပြည်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက CJ Platform သို့ပြောသည်။

 

တစ်မြို့လုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန် မြို့ပြင်ရှိ စစ်ကောင်စီ၏ အမှတ် ၁၉ ခြေလျင်တပ်ရင်း(ခလရ)နှင့် ဗျူဟာကုန်းတစ်ခုတို့သာ ကျန်ရှိတော့သည်ဟု ၎င်းတို့က ဆိုသည်။

 

KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၉ ရက်နေ့မှစတင်ကာ မြို့ကိုဝိုင်းရံပိတ်ဆို့တိုက်ခိုက်မှုကြောင့် ဖာပွန်မြို့အတွင်း စစ်ကောင်စီလက်အောက်ခံတပ်များ တပ်စွဲနေထိုင်နိုင်ခြင်းမရှိတော့ဘဲ မြို့ကို ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်ဟု ရှေ့တန်းတော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုသည်။

 

“မြို့ကတော့ ရပြီ။ ကျွန်တော်တို့တာဝန်လည်း ပြီးသလောက်ရှိပြီလို့ပြောလို့ရတယ်။ သိမ်းဖို့ကျန်တာက ခလရ-၁၉ ရယ်၊ ဗျူဟာကုန်း စခန်းရယ်ပဲ ကျန်တော့တာ။ ကျန်တာတွေကိုတော့ ဆက်တိုက်နေတုန်းပဲ” ဟု မြေပြင်တိုက်ပွဲအတွင်း ပါဝင်သည့် ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

ဖာပွန်မြို့သိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ KNLA တပ်မဟာ(၅) ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒို ကလည်း “မြို့ထဲမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့ကတော့ သူတို့ မနေတော့ဘူး။ ပြန်ဆုတ်လိုက်တယ် ပြောတယ်။ ဖာပွန်မြို့ပေါ်မှာကတော့ အခု အဲဒီမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေပဲ သူတို့လာပြီးတော့ စခန်းတွေ တည်ဆောက်ပြီးနေကြတာ။ ဒါပေမဲ့ အခုအခြေအနေအပေါ်မှာ သူတို့ အဲဒီမှာ မနေတော့ဘူး။ သူတို့ ပြန်ဆုတ်ပြီးတော့ သူတို့ တပ်ရင်းဌာနချုပ်ပေါ့နော်။ နောက်ပြီးတော့ ဗျူဟာကုန်း၊ အဲဒီမှာ ပြန်ပြီး စုနေကြတယ်။ ရဲလည်း မရှိတော့ဘူး။ ရဲလည်း အဲဒီဘက်မှာပဲ သွားနေကြတယ်” ဟု People’s Spring မီဒီယာသို့ ဖြေကြားထားသည်။

 

ဖာပွန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဉ်နှင့်အမျှ လေကြောင်းနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲနေပြီး လက်နက်ကြီးများ စဉ်ဆက်မပြတ် ပစ်ကူပေးမှုများကြောင့် မြို့တွင်းနေထိုင်သူ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

 

“တိုက်ပွဲကတော့ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြောကြားဖို့ ခွင့်ပြုချက်မရှိနေပါဘူး။ တရားဝင် တပ်ရင်းတပ်ဖွဲ့တွေနဲ့ KNU တို့ရဲ့ ထုတ်ပြန်ချက်တွေကိုပဲ စောင့်ကြည့်ကြဖို့ ပြောလိုပါတယ်” ဟု အသက် ၂၀ အရွယ် မြေပြင်ရဲဘော်တစ်ဦးက CJ Platform သို့ပြောသည်။

 

ဖာပွန်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန်အတွက် ကျန်ရှိသည့် ခလရ-၁၉ တပ်စခန်းနှင့် ဗျူဟာကုန်းစခန်းတို့မှာ ဖာပွန် မြို့ပြင်တွင် တည်ရှိပြီး ဗျူဟာကုန်းစခန်းသည် ဖာပွန်မြို့နှင့် သုံးမိုင်ခန့်အကွာအဝေးတွင် တည်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ဖာပွန်မြို့ကို အလုံးစုံ သိမ်ပိုက်နိုင်ရေးအတွက် ကျန်ရှိသည့် တပ်စခန်းများကို KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ဆက်လက် တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းမြေပြင် သတင်းရင်းမြစ်များက ဆိုသည်။