ဖလမ်းရှိ သီးဘွာလ်စခန်းကို ထပ်သိမ်း၊ သိမ်းဆည်းလက်နက်ခဲယမ်းအမြောက်အမြား CNDF ချပြ

Author လင်းနွေဦး
Categories
Published on Nov 18, 2023

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ သီးဘွာလ် တပ်စခန်းကို နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ပူး‌ေပါင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ထုတ်ဖော်ပြသလာသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း MA 1 (၄)လက်၊ MA 3 (၁) လက် ၊ ၆၀ မမ စိန်ပြောင်း (၂)လက်၊ RPG သီး (၆၅)လုံး၊ ၄၀ မမ ဗုံးသီး (၁၈၀) လုံး၊ ၆၀ မမ ဗုံးသီး(၇၂)လုံး၊ အီနာဂါ (၈၀) လုံး၊ လက်ပစ်ဗုံး (၆၃) လုံး၊ Drone Jammer စက် (၁) လုံး၊ 5.56mm ကျည်(၁၆,၂၅၂ )တောင့်၊ 7.62 mm ကျည် (၈,၁၀၀)တောင့်၊ နင်းမိုင်း (၅၁) လုံး၊ ရှေ့ထွက်မိုင်း (၂၃) လုံးနှင့် အခြားစစ်အသုံးအဆောင်များအပြင် ဆန်အိတ် (၆၁)အိိတ်နှင့် စခန်းတွင်း မွေးထားသော ကြက်၊ ဝက်တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း CNDF ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို CNDF နှင့် ပူးပေါင်း တော်လှန်ရေးအင်အားစုများမှ နိုဝင်ဘာလ ၁၅ ရက် (၁၁)နာရီ (၅၀)မိနစ်ခန့်မှစတင်ကာဆင်နွှဲခဲ့ပြီး (၄)နာရီကျော်ကြာသည်အထိ လက်နက်ကြီး/များ၊ Drone များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် တိုက်ပွဲအခြေအနေပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်သားများမှ စခန်းကိုထိန်းထားနိုင်စွမ်းမရှိတော့သည့်အလျောက် ယင်းနေ့ နံနက် (၄ နာရီခွဲခန့်တွင် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြသဖြင့် CNDF နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုများမှ သီးဘွာလ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သီးဘွာလ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂)ဦး သေဆုံးကာ CNDF ဘက်မှ ရဲဘော်(၂)ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း CNDF ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

CNDF သည် နိုဝင်ဘာ (၅) ရက်နေ့တွင် ခမ်းပတ်မြို့ရဲစခန်း၊ (၇) ရက်နေ့တွင် ခမ်းပတ်မြို့ထဲရှိ ခလရ- ၂၂၈ စခန်းတို့ကို သိမ်းပိုက်ပြီးနောက် ခမ်းပတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည့်အပြင် နိုဝင်ဘာ (၄) ရက်နေ့တွင်လည်း ကလေးမြို့နယ်ရှိ မြောက်စည်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

Related News

Depend on news