ဖမ်းဆီးခံ ဓားစာခံအမျိုးသမီးနှစ်ဦးကို ဟားမက်စ် ထပ်မံလွှတ်ပေးလိုက်ပြီဟုဆို

Author အဂ္ဂ
Categories
Published on Oct 24, 2023

ကာတာ-အီဂျစ် ကြားဝင်ဖျန်ဖြေမှုကို တုန့်ပြန်တဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ အရပ်သား အမျိုးသမီးနှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ဟားမက်စ်အဖွဲ့က ထပ်မံလွှတ်ပေးလိုက်တယ်လို့ လက်နက်ကိုင်တပ် ပြောရေးဆိုခွင့် ရှိသူ Abu Obaida (အဘူ အိုဘေဒါ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာလည်း အစ္စရေးနိုင်ငံသားအဖြစ် ခံယူထားတဲ့ ဓားစာခံ အမေရိကန်သားအမိကို ဟားမက်စ်ဘက်က လွှတ်ပေးခဲ့တာပါ။ ဒါကြောင့် အခုလွှတ်ပေးမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဟားမက်စ်လက်ထဲက လေးဦးလွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဟားမက်စ် လွှတ်ပေးခဲ့သူ လေးဦးစလုံးဟာ အသက်ကြီးပိုင်း အမျိုးသမီးတွေပဲဖြစ်ပါတယ်။

 

သတင်းရစ်မြစ်တွေအရ ယခု အမျိုးသမီးနှစ်ယောက်ဟာ သက်ကြီးပိုင်း အစ္စရေးနိုင်ငံသားတွေဖြစ်ပြီး Nurit Yitzhak(နူရစ် ယစ်ဇက်)နဲ့  Yocheved Lifshitz (ယိုချက် လစ်ရှစ်)လို့အမည်ရတဲ့ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ရန်သူ(အစ္စရေး) ဘက်က သူတို့တွေကိုပြန်လက်ခံဖို့ ငြင်းဆန်ပြီး ငါတို့ရဲ့ အကျဉ်းသားတွေကိစ္စကို လျစ်လျူရှုထားပေမယ့် အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အာမခံချက်ပေးထားတယ်လို့ Abu က ပြောပါတယ်။

 

“လူသားချင်း စာနာထောက်ထားမှုနဲ့ ဆိုးရွားနေတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် သူတို့တွေကို ပြန်လွှတ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။ ဒါတောင်မှပဲ ရန်သူဘက်က သူတို့တွေကို လက်ခံဖို့ကိစ္စကို ‌ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ငြင်းဆိုနေခဲ့တာပါ” လို့ လည်း သူက ဆက်ပြောပါတယ်။

 

ဒီ တတိယနဲ့ စတုတ္ထမြောက် ဓားစာခံတွေဟာ တနင်္လာနေ့မှာ လွတ်မြောက်လာကြတာဖြစ်ပြီး ဂါဇာက တစ်ဆင့် အီဂျစ်နိုင်ငံ Rafah (ရာဖာ) မြို့ကို ရောက်လာကြပြီလို့ အီဂျစ်နိုင်ငံရဲ့ သတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။ အစ္စရေးနိုင်ငံရဲ့ Channel 12 ဖော်ပြချက်အရ ဓားစာခံတွေလွတ်မြောက်လာပြီး မိသားစုဝင်တွေကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

 

လက်နက်ကိုင်တပ်တွေဟာ ဂါဇာမြို့အနီးနားကနေ အခြားဒါဇင်နဲ့ချီတဲ့သူတွေနဲ့အတူ ဟားမက်စ်သေနတ်သမားတွေဖမ်းဆီးခြင်းခံရပြီး နှစ်ပတ်ကျော်ကြာထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသူ Judith (ဂျုဒစ်) နဲ့ သမီးဖြစ်သူ Natalie Raanan (နာတာလီရာနန်)ဆိုတဲ့ ဓားစာခံနှစ်ယောက်ကို ဓားစာခံ လွှတ်ပေးမှုပထမဦးဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်ပေးခဲ့တာပါ။

 

စစ်ပွဲ နှစ်ပတ်ကျော်ကြာကာလအတွင်းမှာ ဟားမက်စ် သေနတ်သမားတွေဘက်က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း (၁၄၀၀) ကျော်သတ်ဖြတ်ကာ ဓားစာခံပေါင်း (၂၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာလည်းဖြစ်ပါတယ်။

 

Ref : AP News , Reuters

ပုံ စာ  – ဟားမက်စ်တို့လက်ထဲမှ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးနှစ်ဦး

ဝဲ – Nurit Yitzhak (၇၉ နှစ်)၊ ယာ- Yocheved Lifshitz (၈၅ နှစ်)  : Reuters