ဖက်ဒရယ်ပညာရေးစနစ်အတွက် ဆရာရှားပါးမှု စိန်ခေါ်မှုတစ်ရပ်ဖြစ်‌နေဟု ဝန်ကြီးချုပ်ပြော

Published on Oct 06, 2023

ကြားကာလ ဖက်ဒရယ်ပညာရေးစနစ်အတွက် အရည်အသွေးပြည့်မီသော ဆရာအင်အားရှားပါးမှုသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အောက်တိုဘာ ၅ ရက်ကကျင်းပခဲ့‌သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ CDM ဆရာ/မ ဦးရေ စုစုပေါင်း ၁၁၆,၁၃၇ ဦးရှိပြီး လတ်တလော တာဝန်မျှဝေထမ်းဆောင်နိုင်ရန်အတွက် စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ ခန့်အပ်ရန်စီစဉ်နေကြောင်း ၎င်းက ပြောသည်။

CDM ဆရာ၊ဆရာမများ၏ စားဝတ်နေရေးအတွက် ဘဏ္ဍာရေးအကန့်အသတ်များကြားက သင့်တင့်မျှတသော ထောက်ပံ့မှုမျိုးပေးနိုင်ရန် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“နိုင်ငံတစ်ခုဖွင့်ဖြိုးတိုးတက်မှုရဲ့ အခြေခံဖြစ်တဲ့ ပညာရေးကဏ္ဍမှာ အရည်အချင်းပြည့်မီတဲ့ ဆရာအင်အားပြည့်မီမှုဟာ ရေရှည်ကြီးမားတဲ့အကျိုးဆက်တွေကို အဖြေရှာဖို့နဲ့ ခိုင်မာအားကောင်းတဲ့ပညာရေးစနစ်တစ်ခုတည်ဆောက်ဖို့ အထောက်အပံ့တစ်ရပ်ဖြစ်တာကြောင့် အွန်လိုင်း၊ မြေပြင်ကဏ္ဍမသီးသီးကနေ ပညာရေးအတွက် အားဖြည့်ပါဝင်ပေးနေကြတဲ့ ဆရာ၊ ဆရာမတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ဦးညွှတ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

အဆင့်မြင့်ပညာရေးကဏ္ဍတွင် ကြားကာလတက္ကသိုလ်ကောင်စီများဖွဲ့စည်းကာ သင်ကြားရေးများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို ဖွင့်လှစ်နိုင်ခဲ့သည်အထိ တိုးတက်ခဲ့ပြီး ပုဂ္ဂလိက တက္ကသိုလ်များနှင့်ချိတ်ဆက်၍ နိုင်ငံတကာ အဆင့်မြင့်ပညာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

သင်ကြားရေးအင်အားအနေဖြင့် အဆင့်မြင့်ပညာကဏ္ဍတွင် CDM ဆရာ၊ ဆရာမ ၁၃,၆၅၂ ဦး၊ သက်မွေးပညာကဏ္ဍတွင် CDM ဆရာ၊ ဆရာမ ၂၃၁၀ ဦးရှိကြောင်း ဝန်ကြီးဌာနစာရင်းများအရ သိရသည်။