ဖက်ဆစ်စစ်တပ်၏ စစ်ရာဇ၀တ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများရှိနေသည့် အတွက် အရေးယူဆောင်ရွက်မှုပြုလုပ်ရမည့် အချိန်တန်ပြီဟု ဦးကျော်မိုးထွန်း ကုလအစည်းအဝေး၌ တင်ပြ

Author လင်းခိုင်
Categories
Published on Nov 01, 2022

ဖက်ဆစ်စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများရှိနေပြီ ဖြစ်သောကြောင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည့် အချိန်တန်ပြီဟု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၃၁ရက်တွင်ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြခဲ့သည်။

၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၂၂ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇ၀တ်ခုံရုံး အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးရာ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါကိစ္စကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အောက်တိုဘာ ၁၇ ရက်တွင် Registrar of the International Criminal Court ထံသို့ Rome Statue ၏ Article 12(3) ကိုကိုးကားပြီး မြန်မာနိုင်ငံအတွင်း ၂၀၀၂ ရက် ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်းဖြစ်ပွားခဲ့သည့် ရာဇ၀တ်များနှင့်ပတ်သက်သမျှ ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကိုပါ လက်ခံမည်ဟု အကြောင်းကြားခဲ့ကြောင်း၊ ခုံရုံးအနေဖြင့် စစ်တပ်မှ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကနဦးစစ်ဆေးမေးမြန်းမှု ဖွင့်လှစ် ဆောင်ရွက်နိုင်မည် သို့မဟုတ် စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်ခြင်းကို လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း သံအမတ်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် စစ်တပ်မှ သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် လက်ရှိကျူးလွန်ဆဲကြီးလေသော ရာဇ၀တ်မှုများအတွက် နိုင်ငံတကာအနေဖြင့် တာ၀န်ယူဆောင်ရွက်ပေးနိုင်မည့် အပေါ် မြန်မာပြည်သူများက မျှော်လင့်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားသည်။

ဖက်ဆစ်စစ်တပ်မှ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် ပြည်တွင်း တရားစီရင်ရေးစနစ် ပျက်စီးသွားခဲ့သည့်အတွက် ယခုကဲ့သို့ ပြောကြားရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပါအ၀င်၊ နိုင်ငံတကာ တရားစီရင်ရေးစနစ်ဖြင့် တရားစီရင်ပြီး မြန်မာနိုင်ငံအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း သံအမတ်ကြီးက အစည်းအဝေး၌ တင်ပြခဲ့သည်။

IIMM နှင့် နိုင်ငံတကာဥပဒေပညာရှင်များ၏ သုံးသပ်ချက်များအရ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများကို IIMM အနေဖြင့် အထောက်အထားအချက်အလက် သန်းနှင့်ချီရရှိထားကာ အဆိုပါအချက်အလက်များကို အသုံးပြုပြီး ထိရောက်သည့် အရေးယူမှုများပြုလုပ်ရမည့် အချိန်တန်ဟု သံအမတ်ကြီးက ကုလအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

Related News

Depend on news