ပြီးခဲ့သည့်ရာစုနှစ်များအတွင်း အန္တာတိကရေခဲပြင် ၄၀ ရာခိုင်နှုန်းခန့် အရည်ပျော်ခဲ့ဟု သိပ္ပံပညာရှင်များတွေ့ရှိ

Published on Oct 14, 2023

သုတေသနအသစ်တစ်ခုအရ ၁၉၉၇ ခုနှစ်ခန့်မှစပြီး လက်ရှိအချိန်အထိ အန္တာတိကတိုက်က ဧရာမရေခဲပြင်ကြီးတွေရဲ့ ၄၀ ရာခိုင်နှုန်းခန့်က အရည်ပျော်ကျခဲ့ပြီး အဲဒီထဲက တစ်ဝက်ခန့်က ပြန်ခဲလာခြင်း မရှိတော့ဘူးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

၁၉၉၇ ကနေ ၂၀၂၁ ကြား ကာလတွေအတွင်းမှာ တိုက်ကြီးရဲ့ အနောက်ဘက်ပိုင်းဒေသမှာ ရေခဲပြင် ၆၇ တန်ခန့် အရည်ပျော်ခဲ့ပြီး တိုက်ရဲ့ အရှေ့ဘက်ပိုင်းမယ်တော့ ရေခဲ တန်ချိန် ၅၉ တန်ခန့် ပြန်လည် ပေါ်ပေါက်လာတယ်လို့ အင်္ဂလန်နိုင်ငံ၊ လိဒ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီဒေတာတွေအရဆိုရင် အဲဒီ ဆယ်စုနှစ်နှစ်ခုအတွင်းမှာပဲ အသားတင်ရေခဲတန်ချိန် ၇ ဒသမ ၅ တန်ခန့် ဆုံးရှုံးခဲ့တယ်လို့ ဆိုရမှာပါ။

တိုက်ရဲ့ အနောက်ဘက်ပိုင်းဒေသက ရေနွေးစီးကြောင်းတွေများလို့ ရေခဲပြင် အရည်ပျော်မှုများတာ ဖြစ်ပြီး အရှေ့ဘက်ဒေသကတော့ ရေအေးတွေဖြစ်လို့ ရေခဲပြင်ဧရိယာလျော့ပါးသွားတာ သိပ်မရှိပါဘူး။

ရေခဲမြစ်ကြီးတွေရဲ့ အဆုံးသတ်ရာနေရာက စလို့ တစ်လျှောက်လုံး ရေခဲပြင်ကြီးတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါကြောင့် ရေခဲမြစ်က ရေတွေရဲ့ ရေစီးကြောင်းကို အထိန်းအကွပ်ပြုနေတာ အဲဒီရေခဲပြင်ကြီးတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ရေခဲပြင်ကြီးတွေ တစတစ အရည်ပျော် နစ်မြုပ်လာလို့ ရေခဲမြစ်တွေထဲက ရေချိုတွေ ပင်လယ်သမုဒ္ဒရာထဲ အတားအဆီး မရှိ၊ အရှိန်အဟုန်နဲ့ စီးဆင်းဝင်ရောက်နေတာကြောင့် တောင်ဘက်ပိုင်းက သမုဒ္ဒရာရေစီးကြောင်းတွေ ကချွတ်ကချော်ဖြစ်လာပါပြီ။

ဒီသုတေသနရဲ့ ဦးဆောင်သူ ဒေါက်တာ ဘန်ဂျမင် ဒေဗစ်ဆင်ကတော့ “အန္တာတိကတိုက်ရဲ့ နယ်မြေတွေဟာ မတူညီတဲ့ သမုဒ္ဒရာအပူချိန်နဲ့ ရေစီးကြောင်းတွေ ရောပြွန်းယှက်ထွေးနေတာပါ။ အနောက်ဘက်ခြမ်းတစ်ကြောကတော့ ရေခဲပြင်တွေကို ကောင်းကောင်းကြီး အရည်ဖျော်ပစ်နိုင်တဲ့ ရေနွေးစီးကြောင်းတွေနဲ့ ထိတွေ့နေပြီး အန္တာတိက အရှေ့ဘက်က ရေခဲပြင်အများစုကတော့ ရေအေးစီးကြောင်းတွေနဲ့ ထိတွေ့သမှုရှိနေပါသေးတယ်” လို့ ပြောပါတယ်။

ပညာရှင်တွေက ဝင်ရိုးစွန်းဒေသကို ဦးတည်ကြည့်ရှုနိုင်တဲ့ နည်းပညာရှိ ဂြိုဟ်တုတွေကိုသုံးပြီး နှစ်အလိုက် ရေခဲပြင်တွေ တိုးတက်ပြောင်းလဲလာမှုကို နှိုင်းယှဉ်တိုင်းတာခဲ့ပါတယ်။

အာကာသကနေ ရိုက်ကူးရယူထားတဲ့ ပုံ ၁ သိန်းခန့်ကို အချိန်တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ကြည့်ပြီးတဲ့နောက် အခုလို တန်ချိန် ပမာဏ သိသိသာသာလျော့ကျလာမှုအပေါ် သူတို့ရေးသားထားတဲ့ စာတမ်းကို ကမ္ဘာက သိစေဖို့ Scientific Advances ဂျာနယ်မှာ တင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၅  နှစ်ခန့်က အန္တာတိက အနောက်ဘက်ခြမ်းမှာ ရေခဲတန်ချိန် ၆၇ တန်ခန့် အရည်ပျော်ခဲ့ပြီး အကျိုးဆက်အနေနဲ့ ဒေသတစ်ကြောက ပင်လယ်ရေစီးကြောင်းတွေ ရေနွေးစီးကြောင်းအဖြစ်ကို ရောက်ရှိခဲ့ရပြီး ရာသီဥတုတွေ ကမောက်ကမဖြစ်ရတာပါ။ 

ပုံမှန်ဆိုရင်တော့ အရည်ပျော်သွားတဲ့ ရေခဲတန်ချိန်တွေက အချိန်တစ်ခုကြာရင် သဘာဝအလျောက် ပြန်ခဲလာတတ်ပါတယ်။ ဒါပေမဲ့ ဒီဘက် နှစ်ပိုင်းတွေမှာတော့ အသားတင်ဆုံးရှုံးမှုတွေ တန်ဆယ်ချီနားကပ်လာတာဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို သိသိသာသာ မီးမောင်းထိုးပြနေတာလို့ ပညာရှင်တွေက အခိုင်အမာဆိုထားပါတယ်။

“ကျွန်တော်တို့ မှန်းဆကြည့်တာအရတော့ ရေခဲပြင်အများစုဟာ ခပ်မြန်မြန်အရည်ပျော်တတ်တယ်။ ပြီးရင်တော့ တဖြည်းဖြည်းနဲ့ ပြန်ခဲလာတတ်တဲ့ သံသရာလည်ပုံရှိတယ်။ ဒါပေမဲ့ အခုကြည့်ရသလောက်တော့ ပျော်သွားသမျှ ရေခဲပြင်အများစုက ပြန်ခဲလာမယ့် အနေအထားမှာ မရှိပါဘူး” လို့ ဒေးဗစ်ဆင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ လက သုတေသနတစ်ခုအရလည်း အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်က အခြားဒေသတွေထက် အပူချိန်မြင့်တက်လာမှုနှုန်း နှစ်ဆခန့် ပိုလာပြီး ရာသီဥတုပြောင်းလဲမှုတွေ အတော်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တိုင်းတာဆန်းစစ်ပြီး ကြိုတင်တွက်ချက်ထားတဲ့ မော်ဒယ်တွေထက်တောင် အခြေအနေပိုဆိုးနေတာမျိုးပါ။

ရေခဲပြင်ဒေသမှာ ကောင်းကောင်းပေါက်ဖွားရှင်သန်နိုင်ခြင်းမရှိတဲ့ ပန်းမျိုးစိတ်တချို့တောင် အန္တာတိကမှာ ပွင့်လန်းလာနေပါတယ်။ ဒီသတင်းကို CJ Platform က အောက်ပါလင့်ခ်ထဲမှာ ဖော်ပြဖူးပါတယ်။

– https://www.facebook.com/cjplatformburma/posts/139339208843568/?paipv=0&eav=Afb3-jhdbUa0WG1IEPhL_MkIep-J8jdhoKuVLnf8QHx9U0DcspAiSLmGYeoAGgDSfPI&_rdr