ပြည်သူ့စစ်အမည်တပ် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီကြောင့် ထိတ်လန့်နေရတဲ့ ပြည်သူတွေ
နိုင်ငံအနှံ့ ထိုးစစ်တွေကို ခုခံနေရတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ လျော့ပါးလာတဲ့ အင်အားကို ဖြည့်တင်းနိုင်ဖို့ ဒေသအသီးသီးမှာရှိတဲ့ ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် လုပ်ဆောင်ဖို့ အတင်းအကြပ် စေခိုင်းလာခဲ့ပါတယ်။ ပြည်သူ့စစ်လို့သာ အမည်တပ်တယ် တကယ်က ပေါ်တာဆွဲတာပါပဲ။ ဒီပြည်သူ့စစ်တွေအတွက် လုပ်အားခဆိုတာမျိုးကိုလည်း ပြည်သူတွေပဲ အချိုးကျ ထည့်သွင်းပေးရတာပါ။ စစ်ကောင်စီရဲ့ အဓမ္မစေခိုင်းချက်တွေကြောင့် ပြည်သူတွေ ဘယ်လောက်တောင် ထိတ်လန့်နေရပါသလဲ ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
****************************************
“မ၀င်ရင်ရွာလုံးကျွတ်မီးရှို့မယ်၊ ပေါ်တာဆွဲသလို ၀င်ဆွဲမယ်ဆိုပြီး ပြောတော့”
အုတ်ဖိုမြို့နယ်က တိမ်းရှောင်လာသူ အရပ်သားတစ်ဦးရဲ့ တီးတိုးသံ
သူတို့က ပြည်သူ့စစ် (ပျူစောထီး) အဖြစ်မ၀င်မနေရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူတို့လက်အောက်ကို ၀င်ရမယ် ခြိမ်းခြောက်တယ်၊ ဒီကြားထဲ သူတို့အောက်က အုပ်ချုပ်ရေးမှူးက သူတို့နဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ် ပြောရရင် တော်လှန်ရေးကို အားပေးတဲ့လူ ၊ PDFအားပေး တဲ့လူတွေဆိုပြီး ပြည်သူ့စစ်မှာ ပါ၀င်ဖို့ ခြိမ်းခြောက်တယ်။
ပြီးတော့ မ၀င်ရင်ရွာလုံးကျွတ်မီးရှို့မယ်၊ ပေါ်တာဆွဲသလို ၀င်ဆွဲမယ်ဆိုပြီး ပြောတော့ တစ်နေ့တစ်နေ့ ကိုယ့်မှာရှိတဲ့ မိရိုးဖလာလုပ်ငန်းလေးတွေ လုပ်နေကြရတာ သူတို့က ခြိမ်းခြောက်ဖိအားပေးနေတော့ ကျွန်တော်တို့ ပြည်သူတွေ နေ့အလုပ်ကောင်းကောင်း မလုပ်ရ နေ့ရော ညရော အအိပ်ပျက်အစားပျက်နဲ့ ဘယ်တော့လာဆွဲမလဲ ၊ ည ဘယ်ချိန်ရောက်လာပြီး ဆွဲခေါ်မလဲ အမြဲစိတ်သောက ရောက်နေကြရတယ်။
ခုဆို သူတို့ဒဏ်တွေ ၊ ဖိအားတွေ မခံနိုင်တော့ မိဘတွေ သားသမီးတွေ ကလေးတွေရော ပစ်ထားပြီး တော်လှန်ရေးအဖွဲ့တွေဆီ မှာ ခိုလှုံလာတာ ၊ ဒီရောက်တော့မှ ကျွန်တော်တို့ လုံခြုံမှုရတယ် ကောင်းကောင်းလဲ အိပ်ပျော်နိုင်တယ်။
ဒီလိုပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတွေ အမြစ်ပြတ်ဖို့ရာ တော်လှန်ရေးမှာ တတ်နိုင်သမျှ ပါ၀င်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
****************************************
“ဒီတိုင်းတော့ပြန် မလွှတ်နိုင်ဘူးဆိုပြီး ပိုက်ဆံ ၅၀၀၀၀ တောင်းတယ်”
ပဲခူးမြို့နေ အသက် ၂၃ နှစ် အရွယ်ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးရဲ့ တီးတိုးသံ
ကျွန်တော် က ပဲခူးမှာ ကုမ္ပဏီ တစ်ခု မှာ လုပ်တယ်ဗျ ။ဘာ ကုမ္ပဏီလဲဆိုတာဆော့ မပြောတော့ဘူး ပစ္စည်းတွ ဖြန့်တာတို့လည်းလုပ်တော့ တခြားနေရာတွေကိုလည်း သွားရတာပေါ့ဗျာ ။ အဲ့နေ့က ဇန်နဝါရီ ဒုတိယပတ် ထဲ ဖြစ်မယ်။ ပဲခူးဘုရားကြီးဘက် သွားရတာ အလုပ်ကိစ္စတွေ ပြီးတော့ ပြန်တာနောက်ကျတယ်ပေါ့ဗျာ။ ည ၁၁ နာရီလောက် ဖြစ်တော့မယ် ပဲခူးတိုးဂိတ်နား မရောက်ခင် ဘယ်ကဘယ်လို စောင့်နေကြလဲမသိဘူး။ အယောက် ၃၀ လောက် ထွက်လာပြီး ပိတ်ဖမ်းတာ ။ဘယ်သွားမလဲ ဘယ်ကလဲပေါ့ ဒီလောက်နောက်ကျနေပြီ ဘာလုပ်ဖို့လဲပေါ့။ စစ်တာဆေးတာလည်း ဆိုင်ကယ်တွေပါ အကုန် ဖွင့်စစ်တာ။ ကျွန်တော်လည်း ဒီကောင်တွေ ပေါ်တာဆွဲတာ ၊ခုဆို ပဲခူးဘက်မှာ ပြည်သူ့စစ် လုပ်ဖို့ မဲနှိုက်တာတွေ လုပ်နေတာတွေကြားတော့ လန့်နေပြီ။
ည ၁၀ခွဲကျော် မထွက်ရတာ မသိဘူးလားလည်း ပြောတယ်။ ကျွန်တော်လည်း မာရှယ်လောထုတ်ထားတာလည်း မကြားမိဘူးပေါ့ အဲ့တာကို ဆွဲလားရမ်းလာတွေပါ လုပ်တော့ စိတ်ကတိုလာကော ဒါမဲ့ အဲ့ကောင်တွေက လူကလည်း အများကြီး သေနတ်တွေနဲ့ ဆိုတော့ ငြိမ်နေရတယ် ။နောက်ဆုံးအလုပ်ရဲ့ ဝန်ထမ်းကဒ်တွေပြတယ် ရုံးက အကြီးတစ်ယောက်ကို ဖုန်းဆက်ပြီးပြောတော့ သူတို့ထဲက နည်းနည်း အရာရှိပုံပေါက်တဲ့ တစ်ယောက် နဲ့ပေးပြောလိုက်တော့ ဒီတိုင်းတော့ပြန် မလွှတ်နိုင်ဘူးဆိုပြီး ပိုက်ဆံ ၅၀၀၀၀ တောင်းတယ်။ ကိုယ့်မှာလည်း လက်ထဲ ၃၀၀၀၀ လောက်ပဲ ပါတာဆိုတော့ မနည်းတောင်းပန်ပြီး ပါတာပေးခဲ့ရတယ်။ နောက်ဆို ၁၀ ခွဲကျော် အပြင်မထွက်နဲ့ ဆွဲစိလိုက်မယ် ဘာညာဆိုပြီးလည်း ပြောတာ အများကြီးပဲ တော်တော်ကံကောင်းလို့ဗျာ ။ သူငယ်ချင်းတွေတောင် မှာထားရတယ် ညဘက် ဘာကိစ္စရှိရှိ ညမနက်ဖို့ကို ခေတ်က မကောင်းတော့ဘူးဗျာ အစစ အရာအရာ သတိထားနေရတယ်။