ပြည်သူ့စစ်ခေါင်းဆောင် ဘုန်းကြီး ဦးဝါသဝ ပျူစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊ လေးဦးသေဆုံးနိုင်

Author မင်းထက်
Categories
Published on Mar 06, 2024

စစ်ကောင်စီလက်အောက်ခံ ဘာသာရေးနှင့် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတစ်ပါးဖြစ်သော ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးဝါသဝ၏ စစ်ကြောင်းကို သတင်းအရစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူအဖွဲ့ဝင် လေးဦးသေဆုံးနိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(PLA)တပ်ဖွဲ့ထံမှ သိရသည်။

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ကန့်ဘလူမြို့နယ်သို့ အင်အား ၁၅၀ ခန့်ရှိ ဦးဝါသဝ၏ ပျူစောထီးစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာကြောင်း ယမန်နေ့ မတ်လ ၅ ရက် နံနက် ၅ နာရီခန့်က တော်လှန်ရေးတပ်ဖွဲ့များ သတင်းရခဲ့သည်။

 

သတင်းအရ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော်ဖြင့် စောင့်ဆိုင်းနေစဉ် ထိုစစ်ကြောင်းသည် စောင့်ဆိုင်းနေရာသို့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် ရောက်ရှိလာသည့်အတွက် မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

 

ထိုတိုက်ခိုက်မှုအတွင်း ပျူစောထီးစစ်ကြောင်းဘက်က ထိခိုက်ကျဆုံးမှုအတိအကျကို မသိရသေးသော်လည်း  ဒေသခံမျက်မြင်တွေ့ရှိသူများ၏ပြောကြားချက်အရ ယင်းစစ်ကြောင်းမှ သေဆုံးသူ နှစ်ဦးမှ လေးဦးအထိရှိနိုင်ကြောင်း PLA က မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

 

“တန့်ဆည်ကနေ ပြန်သွားတဲ့စစ်ကြောင်းကို ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်တာပါ။ ထိခိုက်မှုအသေးစိတ်တော့ မသိရသေးပါဘူးခင်ဗျာ” ဟု PLA တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယင်းတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊ TCRF(PLA)၊ အမှတ် ၁ စစ်ဒေသအတွင်းပါဝင်သော မုံတိုင်ပင်(ပကဖ)၊ တက်သစ်(ပကဖ)၊ ကျောက်တိုင်(ပကဖ)တို့က ခြုံခိုစောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဦးဝါသဝ ပျူစစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာမှ နေအိမ်တစ်လုံးနှင့် ပြည်သူပိုင် ဆိုင်ကယ် ၉ စီးတို့ကို မီးရှို့ဖျက်ဆီးပြီး နာဋောင်းကျကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း PLA တပ်ဖွဲ့ထံမှ သိရသည်။

 

ယခုပျူစောထီးစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည့် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းသို့ စစ်ကူလာပြီး ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

 

ဦးဝါသဝသည် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၅၀ဝ ကျော်၊ ဗုဒ္ဓဘာသာဝင် အိမ် ၅၀ ရှိသည့် ကန့်ဘလူမြို့နယ်၊ မှော်တောကျေးရွာရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်သည့်အတွက် ၅၅၀ ဆရာတော်ဟုလည်း နာမည်ကြီးသည်။ ၎င်းသည် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ် စစ်ကောင်စီ အကူအညီဖြင့် ပြည်သူ့စစ်များကို သင်တန်းပေး၊ လက်နက်ထောက်ပံ့ခြင်းများပြုလုပ်နေသော အမျိုးသားရေးနှင့် ဘာသာရေးအစွန်းရောက် ဘုန်းကြီးတစ်ပါးဖြစ်သည်။