ပြည်သူအချို့ အသုံးပြုနေသည့် Kpay အကောင့်များ KBZ မှ ထပ်မံပိတ်သိမ်း

Author အိုင်လာ
Categories
Published on Dec 08, 2023

ပြည်သူအချို့  အသုံးပြုနေသော Kpay အကောင့်များ ဒီဇင်ဘာ ၆ ရက်နေ့တွင် ထပ်မံပိတ်သိမ်းခံခဲ့ရပြီး တော်လှန်ရေးအင်အားစုများ အသုံးပြုနေသည့် အကောင့်များပါ ပါဝင်သွားခဲ့ကြောင်း အကောင့်ပိတ်ခံရသည့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

အပိတ်ခံရသည့် Kpay အကောင့်များထံသို့ က‌မ္ဘောဇဘဏ်ဘက်မှ လတ်တလော အကောင့်များကို  ခေတ္တခဏ စစ်ဆေးနေခြင်းကြောင့် Kpay အကောင့်များ ငွေလွှဲငွေထုတ် အသုံးပြုခွင့်မရနိုင်ကြောင်း အကြောင်းကြားလာပြီး အသေးစိတ် စုံစမ်းမေးမြန်းရန်အတွက် Call Center သို့ ဆက်သွယ်ရန် စာများပို့ခဲ့သည်ဟု သိရသည်။

 

တော်လှန်ရေး အဖွဲ့အစည်းများအတွက် အသုံးပြု‌နေသော အကောင့်များသည် ငွေလွှဲငွေထုတ် ပြုလုပ်နေစဉ်  မိနစ်ပိုင်းအတွင်း အပိတ်ခံလိုက်ရခြင်းဖြစ်သည်ဟု Kpay အပိတ်ခံရသူ ‌တော်လှန်ရေးတွင် ပါဝင်နေသူ အမျိုးသမီးတစ်ဦးက CJ platform ကို ပြောသည်။

 

ထို့ကြောင့် Kpay Call Center သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုအကောင့်များသည် စစ်‌ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်မှ မသင်္ကာစရာများတွေ့ရှိရ‌သည်ဟုဆိုကာ အကြောင်းကြားခဲ့ပြီး စစ်ဆေးမှုလုပ်ဆောင်နေချိန် ပိတ်သိမ်းထားရန် ညွှန်ကြားခြင်းကြောင့် ဖြစ်ကြောင်း မိမိ၏အကောင့်ကို ပြန်လည်ရယူလိုပါက ဗဟိုဘဏ်သို့ လူကိုယ်တိုင် သွားရောက် စစ်ဆေးမေးမြန်းရမည်ဟု ပြန်လည်ဖြေကြားသည်။

 

” ကျွန်မက အစကတည်းက ယုံကြည်မှုမရှိပါဘူး။ စစ်ကောင်စီဘက်က အချိန်မရွေး သိမ်းနိုင်တာပေါ့။ ကိုယ်က (၆၂ သိန်း)ပါသွားတယ်။ မနေ့က တစ်ရက်ထဲတင် ကျွန်မသိတဲ့ လူ ၈ ယောက်လောက် အပိတ်ခံရတယ်။ တချို့‌တွေက ကိုယ့်ပိုက်ဆံလည်း မဟုတ်ကြဘူး။ တော်လှန်ရေးထဲက အဖွဲ့တွေရဲ့ အလှူငွေတွေဆိုတော့ တော်တော် ဂယက်ထသွားတာပေါ့” ဟု အကောင့်ပိတ်ခံရသူ CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။

 

လက်ရှိ မြန်မာတစ်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ဘဏ်လုပ်ငန်းတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်လုပ်ငန်းစုမှ မိုဘိုင်းပိုက်ဆံအိတ်အဖြစ် သတ်မှတ်ကာ Kpay Online ငွေပေးချေခြင်း၀န်ဆောင်မှုကို ၂၀၁၈ ခုနှစ်‌ အောက်တိုဘာလမှစတင်ခဲ့သည်။ ယခုအခါ Kpay အကောင့်အသုံးပြုသူ ၈ သန်းကျော်ရှိကြောင်း KBZ က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ၏ ဗဟိုဘဏ်က မိုဘိုင်းငွေလွှဲအကောင့်များ အချက်အလက်မပြည့်စုံလျှင် ဖျက်သိမ်းမည်ဟု ထုတ်ပြန်ကြေညာထားရာ မိုဘိုင်းလ်ဖုန်းအတွင်း Kpay အကောင့်တစ်ခု ဖွင့်မည်ဆိုပါက ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နေရပ်လိပ်စာ အတိအကျ၊ ဖုန်းနံပါတ်၊ အိမ်ထောင်ရှိမရှိ အစရှိသည့် ကိုယ်ရေးအချက်အလက်များအပြင် အခြားသော အချက်အလက်များစွာ ဖြည့်သွင်းပေးနေရသည်။