ပြည်သူလူထု သဘောထားဆန္ဒကို ဆန့်ကျင်သည့် လမ်းစဉ်၊ မူဝါဒ ချမှတ်အကောင်အထည်ဖော်ခြင်းများ မလုပ်ဆောင်ဟု ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Dec 06, 2022

ပြည်သူလူထု သဘောထားဆန္ဒကို ဆန့်ကျင်သည့် လမ်းစဉ်၊ မူဝါဒ ချမှတ်အကောင်အထည်ဖော်ခြင်းများ မလုပ်ဆောင်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင်ပြုလုပ်သည့် ၇၇ ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁ ရက်နေ့တွင် ရိုက်တာ Next အစီအစဉ်တွင် မြန်မာနိုင်ငံရေးအကဲဆတ်နေချိန်၌ အင်တာဗျူးဖြေကြားခဲ့သည့် အချက်အလက်အချို့နှင့် ပတ်သက်ပြီး ပြည်သူအချို့ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာသည်ဟု ကြားသိရကြောင်း ယာယီသမ္မတက ပြောကြားသည်။

“ ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရစစ်ဖြစ်တာကြောင့်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်တဲ့လမ်းစဉ်၊ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်တာမျိုး မလုပ်ဘူးဆိုတာ တိတိကျကျပြောလိုတယ်။ အထူးသဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု မဖြစ်မနေ လုပ်ဆောင်ဖို့ တိတိကျကျ ပြတ်ပြတ်သားသား ပြင်ဆင်ထားကြရပါမယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

နိုင်ငံတကာ သတင်းမီဒီယာမှ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံသူနိုင်ငံသားများထံ သတင်းမတ်ဆေ့ခ်ျပေးရာတွင် အချိန်အကန့်အသတ်ကြောင့် ပြည့်ပြည့်စုံစုံမပြောနိုင်ခဲ့ကြောင်း၊ မြန်မာပြည်သူလူထုသည် စစ်ကောင်စီ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများကို တရားမျှတမှုရအောင် မလုပ်နိုင်ဘဲ စစ်မှန်သည့် အပြောင်းအလဲမဖြစ်ဘူဟု ခံယူထားကြောင်း၊ ကျွန်တော်တို့သည်လည်း ပြည်သူလူထု၏ သဘောထားနှင့် ထပ်တူဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။

“လူထုဟာ စစ်အုပ်စု သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်းစားခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေဟာ ခွင့်လွှတ်နိုင်စရာ၊ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ အစိုးရရဲ့ မူဝါဒလမ်းစဉ်ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲ၀င်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်”ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

ထို့ပြင် စစ်တပ်ကို နိုင်ငံရေးမှ အပြီးတိုင်ထုတ်ပယ်ရန် အာမခံချက်ရှိသည့် အခြေအနေအထိ ကြိုးစားလုပ်ဆောင်ရန်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖြစ်ထွန်းလာမည့် ဖက်ဒရယ်တပ်မတော်သည် ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်ရမည်ဖြစ်ကြောင်း၊ လက်ရှိ စစ်တပ်လို နိုင်ငံရေးတါင် အမြဲ၀င်ပါနေတာမျိုးကို လက်မံမည်မဟုတ်သဖြင့် ယင်းချက်ကို အမြော်အမြင်ရှိရှိ သေချာထည့်သွင်းစဉ်းစားပြီး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးးဟုခေါ်သည့် security sector reform ကိစ္စများကိုလည်း အထူးတလည် ထည့်သွင်းလုပ်ဆောင်ရမည်ဟု ယာယီသမ္မတကပြောကြားသည်။

စစ်အာဏာရှင် တော်လှန်ရေးတွင် အသက်နှင့်ခန္ဓာကို ပေးဆပ်ပြီး တိုက်ပွဲ၀င်ခဲသူအပေါင်းနှင့် ယင်းတို့၏ မိသားစု၀င်များအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလတွင်လည်း တရားမျှတမှုရရှိရေးအတွက် အဓိကားထားဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါချက်သည် စစ်မှန်သော လူထု၏ လိုလားချက်ဖြစ်သည်ကို မမေ့ကြရန် ယာယီသမ္မတက နှိုးဆော်ပြောကြားခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဒူဝါလရှီးလ