ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်ကို လစ်လျူရှုကာ နောက်ပြန်လှည့်မည့်သူများ မဟုတ်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
ရှမ်းပြည်(မြောက်ပိုင်း) နှင့် ရက္ခိုင်ပြည်တို့တွင် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေသော ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ညီနောင်သုံးဖွဲ့အနေဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသည့် မြန်မာပြည်သူ လူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှု သွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍ သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်သည်ဟု ယမန်နေ့(ဒီဇင်ဘာ ၁၂ ရက်) ည (၁၁) နာရီ (၅၀) မိနစ်အချိန်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် လတ်တလော ထွက်ပေါ်နေသည့် သတင်းအချို့ကြောင့် စိုးရိမ်ပူပန်နေသည့် မြန်မာပြည်သူလူထုအနေဖြင့်လည်း အဆိုပါ သတင်းများအပေါ် စိုးရိမ်ပူပန်ခြင်း မရှိကြစေလိုကြောင်း၊ ညီနောင်သုံးဖွဲ့အနေဖြင့် ဘုံရည်မှန်းချက် ပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်သည်ကို လေးစားစွာ အသိပေးလိုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
အောက်တိုဘာ (၂၇) ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် စစ်ကောင်စီ၏ တပ်စခန်းများ၊ ပြည်သူလူထုကို ဒုက္ခပေးနေသည့် လက်နက်ကြီးစခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်ကာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် သုံးဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက်တို့သည် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဖြစ်သော်လည်း အလုံးစုံသော ရည်မှန်းချက် ပြည့်ဝရန်အတွက်မူ အချိန်ကာလတစ်ခုအထိ ဆက်လက် ကြိုးစား တိုက်ပွဲဝင်ရဦးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ အချိန်တွင် ညီနောင်မဟာမိတ်(၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး (၄၇) ရက်တာကာလအတွင်း ရှမ်းမြောက်တခွင်ရှိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၂၈၀) ကျော်နီးပါးနှင့် မြို့ကြီးအချို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုံအတွင်းရှိ နယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်အချို့ကိုပါ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။
တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသလို စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကာ အပေါင်းသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်ခဲ့သည်ဟု စစ်ကောင်စီနှင့် တရုတ်တို့က ဒီဇင်ဘာ (၁၁) ရက်နေ့တွင် အသီးသီးအတည်ပြုခဲ့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့တို့သည် ထိတွေ့တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ – The Kokang
ပုံစာညွှန်း – နိုဝင်ဘာလ (၂၆) ရက်နေ့က MNDAA နှင့် TNLA ပူးပေါင်းတပ်တို့ ကျေးသီးတံတားကို သိမ်းပိုက်နိုင်ခဲ့စဉ်