ပြည်သူများ ၀င်ငွေ၊ ထွက်ငွေ မမျှတခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်နေသော်လည်း မင်းအောင်လှိုင်က ပြည်တွင်းစီးပွားရေးမြှင့်တင်နိုင်ခဲ့ဟု ပြောပြန်

Author လင်းခိုင်
Categories
Published on Nov 05, 2022

ပြည်သူများ ၀င်ငွေ၊ ထွက်ငွေမမျှတခြင်းကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေသော်လည်း ဖက်ဆစ်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းစီးပွားရေးကို မြှင့်တင်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

နို၀င်ဘာ ၄ ရက်က မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းအတွင်းရှိ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အထက်ပါတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်က မိမိ သည် နိုင်ငံတော် တာ၀န်ကို ယူချိန်တွင် အခက်အခဲများစွာရှိသော်လည်း ပြည်တွင်း စီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်တွင်း စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုများကို အားပေးခဲ့ခြင်းမရှိသောကြောင့် ကုန်သွယ်မှုလိုငွေများစွာ ပြခဲ့ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာရှိပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲ့ကောင်က ဘယ်ဟာတွေကြောင့် စီးပွားရေးတိုးတက်နေပြီပြောတာလဲ၊ အခုပြည်သူတွေအကုန်လုံးအရမ်းခက်ခဲနေတယ်။ ကန်စွန်းရွက် တစ်စည်းကို ငါးရာ၊ ဆီတစ်ပိသာ တစ်သောင်းဖြစ်နေပြီ၊ စျေးသည်တွေလဲ အကုန်အရောင်းပါးတယ်။ လူတွေက ရတဲ့၀င်ငွေလေးနဲ့ မလောက်မငှသုံးနေရတာ၊ အာဏာရူးပြီး လုပ်ခြင်တာလုပ်တော့ အကုန်ခက်ခဲနေတယ်” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက်ငါးဆယ်အရွယ် စျေးသည်အမျိုးသမီးတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံတွင် မီးပုံမှန်မပေးနိုင်သော်လည်း စက်သုံးဆီသုံးစွဲမှုကို လျှော့ချပြီး လျှပ်စစ်စွမ်းအား အသုံးပြုသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အသုံးပြုပါက စက်သုံးဆီသုံးစွဲနေမှုကို လျော့ချနိုင်မည်ဟုလည်း ယင်းက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းစီးပွားရေး တိုးတက်လာသည်ကို တွေ့ရသဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုပါက ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိ ပြည်တွင်း ၌ အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်း၊ ဒေါ်လာစျေးကြီးမြင့်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာသည့်အတွက် ပြည်သူများအနေဖြင့် အခက်အခဲအကြပ်အတည်းများစွာကို ရင်ဆိုင်နေရသော်လည်း မင်းအောင်လှိုင်အနေဖြင့် မည်သည့်အချက်အလက်များကို အခြေခံကာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည်ကို ပြောဆိုနေခြင်းဖြစ်သနည်းဟု ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။
#မင်းအောင်လှိုင် #ပြည်တွင်းစီးပွားရေး #ကုန်စျေးနှုန်း #ဝင်ငွေထွက်ငွေ

Telegram Link: https://t.me/cjplatform
Website Link: https://cjplatform.com/
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform