ပြည်သူများ၏ ဒုက္ခကို စာနာသောအားဖြင့် ခရစ္စမတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများမပြုလုပ်ရန် ခရစ်ယာန် သာသနာပိုင်များ မေတ္တာရပ်ခံ

Author လင်းခိုင်
Categories
Published on Dec 17, 2022

 

ပြည်သူများ၏ ဒုက္ခကို စာနာသောအားဖြင့် ခရစ္စမတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် ခရစ်ယာန် သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်များမှ မေတ္တာရပ်ခံထားသည်။

၂၀၂၂ခု နှစ် ဒီဇင်ဘာ ၂၄ရက်နှင့် ၂၅ရက်နေ့တွင် ကျရောက်မည့် ခရစ်တော်ဘုရှားရှင်၏ မွေးနေ့ပွဲတော်(ခရစ္စမတ်ပွဲတော်) နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ တစ်ရက်တွင်ကျရောက်မည့် သာသနာနှစ်ကူးပွဲ (နိုင်ငံတကာနှစ်ကူးပွဲ)နှင့်ပတ်သက်ပြီး မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် ဒေါက်တာ မာကုတင်၀င်းက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ခရစ္စမတ်ကယ်ရယ်သီချင်းသီဆိုခြင်းနှင့် ခရစ္စမတ်ဓမ္မတေးသီးချင်များကို အသံချဲ့စက်များဖွင့်ပြီး ပွဲခံခြင်း၊ လူစုလူဝေးဖြင့် ပြုလုပ်သော ပျော်ပွဲရှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲများ ကျင်းပခြင်း၊ ဘုရားရှိခိုကျောင်းများ၊ ခေါင်းလောင်းစင်များ၊ ကျောင်း၀န်းပရဝုဏ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို ပုံမှန်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာများဖြင့် ပြင်ဆင်ခြင်း၊ ပွဲတော်မြတ်နှင့် ပတ်သက်ပြီး မိမိတို့ မိသားစု၏ မည်သည့်ပုံရိမ်မျိုးကိုမဆို လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခြင်းများမပြုလုပ်ရန် မန္တလေး ကက်သလစ်ဂိုဏ်းချုပ် သာသနာပိုင်ဆရာတော် ဒေါက်တာ မာကုတင်၀င်းက မေတ္တာရပ်ခံထားသည်။

ဆက်လက်ပြီး မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ကက်သလစ်ဘာသာ၀င်များနှင့် ဓမ္မမိတ်ဆွေများကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို စာနာထောက်ထား မျှဝေခံစားသောအားဖြင့် အထက်ပါအချက်များကို မပြုလုပ်ရန် မေတ္တာရပ်ခံခြင်းဖြစ်သည်။

ထို့ပြင် ကလေးကက်သလစ်သာသနာပိုင် ဆရာတော်က ခရစ္စမတ် အချိန်အခါသမယနှင့် နှစ်သစ်ကူးပွဲတော်သည် ၀မ်းမြောက်ကြည်နူးဖွယ်ကောင်းသော်လည်း လက်တလောကြုံတွေ့နေရသည့် အခြေအနေအမျိုးမျိုးကြောင့် ပျော်ပွဲရှင်ပွဲများကျင်းပခြင်း၊ မိမိ အိမ်များ၌ ဖြစ်စေ၊ နီးစပ်ရာဆွေမျိုးများဖြင့် မိသားစုအလိုက်ဖြစ်စေ တေးဂီတသီချင်းများကို အသံချဲ့စက်များဖြင့် ဖွင့်ခြင်း၊ အလှအပပြင်ဆင်ခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

ပွဲတော်ရက်များအတွက် ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဝိနည်းအတိုင်း ပြင်ဆင်ခြင်းနှင့် ခရစ္စမတ်Crib ကို ဘုရားကျောင်းအတွင်း၌ ပြင်ဆင်ခြင်းနှ လွဲပြီး အခြားသော ပြင်ဆင်ခြင်းမပြုလုပ်ရန် ကလေးကက်သလစ်သာသနာပိုင် ဆရာတော်က မေတ္တာရပ်ခံထားသည်။

ခရစ္စမတ်ပွဲတော်ကို ကိုယ်တော်မြတ်ဖူးမြှော်ခြင်း၊ ကျမ်းစာတော်မြတ်ကို ဖတ်ရှု့ခြင်း၊ စိတ်ပုတီးစိပ်ခြင်း၊ ဆုတောင်းမေတ္တာများပြုလုပ်ခြင်း၊ စာနာမှုဖြင့် ပေးကမ်းစွန့်ကြဲခြင်းတို့ဖြင့်သာ ကြိုဆိုကျင်းပရန် ကလေးကက်သလစ်သာသနာပိုင် ဆရာတော်၏ မေတ္တာရပ်ခံစာတွင်ဖော်ပြထားသည်။

ဓာတ်ပုံ- အောင်ကျော်ထက်
ပုံစာညွှန်း- ၂၀၁၄ခုနှစ် ရန်ကုန်မြို့ ခရစ္စမတ်ပွဲတော် မြင်ကွင်း ပုံဟောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ခရစ္စမတ်ပွဲ