ပြည်သူများအား ပိုမိုကာကွယ်ပေးနိုင်ရန် နှစ်ဆ သုံးဆ ပိုကြိုးပမ်းရမည်ဟု NUG ပြည်ထောင်စု၀န်ကြီးချုပ် ပြောကြား

Author လင်းခိုင်
Categories
Published on Oct 26, 2022

ပြည်သူများအား ပိုမိုကာကွယ်ပေးနိုင်ရန် နှစ်ဆ သုံးဆ ပိုကြိုးပမ်းရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင် သန်းက ပြောကြားသည်။

အောက်တိုဘာ ၂၅ ရက်တွင်ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တနှစ်တာ လုပ်ငန်းစဉ် များ ဖော်ဆောင်မှု အခြေအနေနှင့် တစ်ပတ်အတွင်း အရေးကြီး အခြေအနေ အစည်းအဝေး၌ ပြည်ထောင်စု ၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် လူမဆန်စွာနှင့် ယုတ် မာရက်စက်မှုများကို စဉ်ဆက်မပြတ်ကျူးလွန်နေသည်ကို တွေ့ရသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူများအတွက် အလွန်စိတ်ထိခိုက် ရကြောင်း၊ သို့သော် အစိုးရတစ်ရပ် ဖြစ်နေသောသောကြောင့် စိတ်ထိခိုက်ရုံဖြစ်လို့မရကြောင်း ပြည် ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

“ ကျွန်တော်တို့ ပြည်သူတွေကို ဒီ့ထက်ပိုပြီး ကာကွယ် စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ နှစ်ဆ သုံးဆ ပိုကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ ရှေ့လျှောက် မိုးကုန်ရင် လေကြောင်း ရန်တွေက ပိုမိုသတိထားရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီက အရပ်သာများပါမရှောင် လေကြောင်းသုံးလာတာမို့ သူတို့ရဲ့ မိုက်ရိုင်းယုတ်မာမှုတွေက ကမ်းကုန်နေပြီဖြစ်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြား သည်။

ယခုကဲ့သို့ ကိစ္စများကို နိုင်ငံတကာမှ ကူညီနိုင်သမျှ ကူညီပေးနိုင်ရန် ထပ်မံတောင်းဆိုမည်ဖြစ်ပြီး၊ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် ပြည်သူများအပါအ၀င် တော်လှန်ရေးကြီး၌ မတရားကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ တရားမျှတမှု ပြန်လည်ရရှိရေး အတွက် ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများနှင့်အညီ အစွမ်းကုန် ကြိုးစားသွားမည်ဟုပြည်ထောင်စု ၀န် ကြီးချုပ်က ဆက်လက်ပြောကြားသည်။