ပြည်သူများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်တပ်၏ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် စိုးရိမ်နေဟုဆို

Author လင်းခိုင်
Categories
Published on Jan 31, 2023

 

နိုင်ငံရေးခေါင်းဆောင်များ၊ သတင်းထောက်များကို ဖမ်းဆီးပြီး ၊ပြည်သူများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်တပ်၏ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် စိုးရိမ်နေကြောင်း ယင်း၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ထုတ်ဖော်ပြောကြားထားသည်။

ဖေဖော်ဝါရီ ၁ရက်နေ့သည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရအဖွဲ့၀င်များကို စစ်တပ်မှ ဖြုတ်ချပြီး နိုင်ထက်စီးနင်း ဖမ်းဆီးခြင်း ၂ နှစ်ပြည့်မြောက် ခဲ့ပြီးဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ မြန်မာနိုင်ငံရှိ ပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်ပြီး အားလုံး အကာအကွယ်ပေးရေးကို ဆက်လက်ပံ့ပိုးသွားကာ၊ အကြမ်းဖက်မှုအားလုံးကို ပြင်းထန်စွာရှုတ်ချသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် သတင်းထောက်များကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နှောက်ယှက်ခြင်းတို့နှင့်အတူ ပြင်းထန်သော လေကြောင်းမှ ဗုံးကြဲမှုများနှင့် အရပ်သားနေအိမ်များကို မီးရှို့မှုများကြားတွင် စစ်တပ်မှ ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ချက်ကို အထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဆိုသည်။

ပြည်သူများ၏ နိုင်ငံရေးအခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးခွင့်မရှိသည့် အခြေအနေတွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေသည်ဟု ပြောရေုးဆိုခွင့်ရှိသူက ပြောကြားသည်။

ကုလသမဂ္ဂအနေဖြင့်လည်း စစ်တပ်၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသည့် အားနည်းချက်များစွာကို ကိုင်တွယ်ဖြေရှင်းရန်ကတိပြုထားကြောင်း၊ ထိခိုက်ခံစားနေရသည့် ပြည်သူများ အတွက် လူသားချင်းစာနာမှု အကူအညီအများကို အတားအဆီးမရှိ ၀င်ရောက်နိုင်ရန်ကိုလည်း လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို လေးစားလိုက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံများကို တိုက်တွန်းနှိုးဆော်ထား သည်ဟု အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရွေးကောက်ပွဲ #ကုလသမဂ္ဂ #လေကြောင်းတိုက်ခိုက်မှု