ပြည်သူပိုင်နွားများကို ခိုးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

Author ခေတ်နီ
Categories
Published on Sep 25, 2022

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း ပြည်သူပိုင်နွားများကို ခိုးယူသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားတချို့ကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF (ဗဟို)မှ သတင်းထုတ်ပြန်ထားသည်။

ဖရူဆိုမြို့နယ် ထီးကူးဆိုရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် မြို့မရဲစခန်းမှ ရဲအချို့ဟာ စက်တင်ဘာ ၂၃ရက်နေ့ ညနေပိုင်းတွင် ပြည်သူပိုင်နွားများကို ခိုးယူသတ်ဖြတ်၍ ယူဆောင်လာစဉ် KNDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ယူနီဖောင်းအချို့နှင့် အရပ်ဝတ်အချို့ပါဝင်သည့် စစ်ကောင်စီတပ်သားများနှင့် ရဲများအပါအဝင် အင်အား ၁၀ဦးကို ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း ဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သော နွားများကို ခိုးယူသတ်ဖြတ်ကာ ဆိုင်ကယ်သုံးစီးဖြင့် သယ်ဆောင်နေစဥ် KNDFတပ်ရင်း ၁၅နှင့် တပ်ရင်း ၄ တို့ ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ သယ်ဆောင်ခဲ့သော နွားအသေများနှင့်အတူ ဆိုင်ကယ် ၂ စီးအား ထားခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ထွက်ပြေးသွားစဥ် ကျန်ခဲ့သော ဆိုင်ကယ် ၂စီးနှင့် သတ်ဖြတ်ခံထားရသောနွားများအား KNDFဘက်မှ ပြန်လည်သိမ်းဆည်းကာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့အတွင်း ဒေသခံအနည်းငယ်သာ နေထိုင်နေလျှက်ရှိပြီး အများစုမှာ စစ်ဘေးရှောင်နေရခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဒေသခံများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း ၊ တန်ဖိုးရှိပစ္စည်းများ ၊ တိရိစ္ဆာန်များအား ခိုးယူစားသောက်ခြင်းများကို နေ့စဉ်လုပ်ဆောင်လျှက်ရှိနေကြောင်း KNDF၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။