ပြည်သူနှင့် တိုင်းပြည်ကို ကာကွယ်၊ စောင့်ရှောက်ရန်ဟူသည့် အဓိကတာဝန်များ စစ်ကောင်စီ ပျက်ကွက်နေဆဲဟု ကနေဒါသံရုံးဆို

Author ကိုထားဝယ်
Categories
Published on Mar 27, 2024

နိုင်ငံတစ်နိုင်အတွက် စစ်တပ်၏ အခန်းကဏ္ဍမှာ ပြည်သူများကို စောင့်ရှောက်ရန်နှင့် တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်(စစ်ကောင်စီ)သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆက်လက် ပျက်ကွက်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ပြောဆိုသည်။

 

ယနေ့ မတ်လ ၂၇ ရက်တွင်ကျရောက်သည့် ၇၉ နှစ်မြောက်တပ်မတော်နေ့ဆိုင်ရာထုတ်ပြန်ကြေညာချက်အတွင်း အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

 

စစ်ကောင်စီက ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ထပ်မံရှုတ်ချလိုက်သည်။

 

လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာများ၊ ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်းအပါအဝင် အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်းတို့ကို ရှုတ်ချသည်ဟုဆိုပြီး ထိုလုပ်ရပ်များသည် နိုင်ငံတကာဥပဒေကို ကြီးလေးစွာချိုးဖောက်နေခြင်းဟု ကနေဒါသံရုံးက မီးမောင်းထိုးပြသည်။

 

ထို့ပြင် ရိုဟင်ဂျာများအပါအဝင် ထိလွယ်ခိုက်လွယ်သူများကို စစ်တပ်က လုံခြုံရာနေရာများသို့ ရွှေ့ပြောင်းခွင့်ပြုရန် ငြင်းဆိုခြင်းနှင့်ပတ်သက်၍ လုံးဝလက်မခံကြောင်း ဆိုသည်။

 

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကို ရပ်တန့်ရန် ထပ်မံတောင်းဆိုသည်ဟု ကနေဒါသံရုံးထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

မြန်မာနိုင်ငံသို့ လက်နက်များ၊ စစ်တပ်ဆိုင်ရာ ကိရိယာများ၊ စစ်ဘက်/အရပ်ဘက်သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးနေခြင်းကို ချက်ချင်းရပ်တန့်ရန် နိုင်ငံများအားလုံးကို ကနေဒါနိုင်ငံက ထပ်လောင်းတိုက်တွန်းလိုက်သည်။